ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင် အတွင်း၌ ထာဝရဘေးမဲ့ လွှတ်တော စီမံကိန်းကို စတင် အကောင်အထည်ဖော် ဆောင်ရွက်သည့် အနေဖြင့် "ဘေးမဲ့လွှတ်တော" ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၂၁)ရက် နံနက် (၉း၃၀)နာရီ အချိန်တွင် ကျိုင်းလပ်မြို့နယ်ခွဲ၊ နမ့်ခင်းအုပ်စု၊ ကျကကျေးရွာ၌ ကျင်းပပြုလုပ်မှာဖြစ်သည့် အတွက် တာချီလိတ်ခရိုင်အတွင်းရှိ ဒေသခံ တိုင်းရင်းသားများ၊ လုပ်သားပြည်သူများ အားလုံး ပါဝင်ကုသိုလ်ယူ၍ သား၊ ငါး၊ ငှက်များစသည့် တိရစ္ဆာန်များကို ဘေးမဲ့ပေး လှူဒါန်းခြင်းဖြင့် ကုသိုလ်ယူနိုင်မှာဖြစ်ကြောင်း သိရသည်။
တာချီလိတ် ထာဝရဘေးမဲ့လွှတ်တော စီမံကိန်းကို ပဓာန နာယကဆရာတော်၊ နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး နိုင်ငံတော်သြ၀ါဒ စရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ Honorary Ph.D ဘဒ္ဒန္တ ဓမ္မသီရိ၊ နာယက ဆရာတော် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဥာဏသံဝရ၊ မိုင်းလင်း ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ၀ိမလ (ထပ်စွမ်ဆိုင့်ဟိုနမ့်)နှင့် ထိုင်ဝမ်ကျွန်း၊ ထိုင်ပေခရိုင် (Life Tv) ဘ၀မြှင့်တင်ရေး(ရုပ်/သံလိုင်း) နယက ဆရာတော် HAI TAO ဆရာတော်ဘုရားကြီးတို့အား အမှူးပြု၍ အကောင်အထည် ဖော်နေလျက်ရှိရာ ဇန်န၀ါရီလ(၂၁)ရက်နေ့ လှူဒါန်းဆက်ကပ်ပွဲနှင့် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ပြုလုပ်ရာတွင် တာချီလိတ်မှ မည်သူမဆို ပါဝင်၍ ဘေးမဲ့တောသို့ တိရစ္ဆာန်များကို လှူဒါန်းနိုင်ရန်အတွက် စီစဉ်ထားရှိကြောင်း သိရသည်။
"ဘေးမဲ့လွှတ်တော"ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ လိုက်ပါလိုသူများအနေဖြင့် စုရပ်အား တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ၊ ပါလျှံကွမ်ရင်ကျောင်းတွင် သတ်မှတ်ထားရှိပြီး လမ်းခရီးမှာ တာချီလိတ်မှ ဘေးမဲ့တောအထိကိုအချိန် (၁း၃၀)နာရီခန့် ကြာမြှင့်မှာ ဖြစ်ပြီး နေ့တွင်းချင်း တာချီလိတ်သို့ ပြန်နိုင်မှာဖြစ်ကြောင်း သိရသည့် အပြင် အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ပါဝင်လှူဒါန်းလိုသူများ လိုက်ပါလိုသူများ အနေဖြင့် ဘေးမဲ့လွှတ်တော စီမံကိန်းအဖွဲ့ ဖုန်းနံပါတ်ဖြစ်သည့် ကိုမောင်အုန်း (ထိုင်းဖုန်း ) 0823815999 သို့ ဆက်သွယ်၍ စုံစမ်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘေးမဲ့လွှတ်တောသို့ လူပေါင်း (၃၀၀၀)ကျော် တက်ရောက်နိုင်ဖွယ်ရှိကြောင်း ဘေးမဲ့လွှတ်တော စီမံကိန်းအဖွဲ့မှ သိရသည်။