ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်းမှ တာချီလိတ်မြို့နယ် ကိုယ်စားပြု ရည်ညွှန်းစာကြည့်တိုက် ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အနေဖြင့် ဇန်န၀ါရီလ (၁၇)ရက် ည(၈)နာရီအချိန်က တာချီလိတ်မြို့နယ်၊ အောင်မြတ်ခန်းမတွင် စာပေဟောပြောပွဲ ကျင်းပပြုလုပ်ရာ စာရေးဆရာ ဒေါက်တာ ခင်မောင်ညို၊ စာရေးဆရာ ကောင်းသန့် နှင့် စာရေးဆရာမ ပုညခင် တို့မှ စိတ်ဓါတ်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေး ဟောပြောသည်။
ဟောပြောပွဲ မစတင်မီ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ယခုလို စာပေရေးရာ ကိစ္စရပ်များ ဆောင်ရွက်ကြသည်နှင့် ပတ်သက်၍ ဂုဏ်ပြု ၀မ်းမြောက် အမှာ စကား ပြောကြားသည်။
ဆက်လက်၍ ဟောပြောပွဲတွင် စာရေးဆရာ ကောင်းသန့်မှ "ဘ၀ပုစ္ဆာ အဖြေရှာ"ခေါင်းစဉ်ဖြင့် အချိန်(၁)နာရီအကြာ ဟောပြောသွားပြီးနောက်၊ စာရေးဆရာမ ပုညခင်မှ "အရွယ်သုံးပါး နှလုံးသား" ခေါင်းစဉ်ဖြင့် အချိန် (၄၅)မိနစ်အကြာ ဟောပြောသွားသည်။
ယင်းနောက် စာရေးဆရာ ဒေါက်တာ ခင်မောင်ညို မှ "ပညာခေတ်" ခေါင်းစဉ်ဖြင့် အချိန်(၁)နာရီခန့်အကြာ စာပေရေးရာများ၊ ဘ၀တိုးတက်ပြောင်းလဲမှု ဆိုင်ရာများ၊ စိတ်ဓါတ်မြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများကို ဟောပြောသွားခဲ့သည်။
စာပေဟောပြောပွဲတွင် တာချီလိတ်ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေချစ်မြတ်နိုးသူ ၀ါသနာရှင် ပြည်သူများ စသည်တို့မှ လာရောက်ကြသည်။
အဆိုပါ စာရေးဆရာ (၃)ဦးသည် တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ တာချီလိတ်မြို့နယ် ကိုယ်စားပြု ဖွင့်လှစ်မည့် ရည်ညွှန်းစာကြည့်တိုက်အတွက် ဇန်န၀ါရီလ(၁၇)ရက် ညနေပိုင်းက လေယာဉ်ဖြင့် တာချီလိတ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ရည်ညွှန်းစာကြည့်တိုက် ဖွင့်ပွဲကို ဇန်န၀ါရီလ (၁၈)ရက်နေ့ နံနက် (၈)နာရီအချိန်၌ တာချီလိတ်မြို့နယ် စာရေးဆရာများအသင်းပိုင် ရုံးတွင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်မှာ ဖြစ်ကြောင်း သိရသည်။
ပုံများကိုကြည့်ရန်