ရှမ်းပြည်နယ်၊ မြောက်ပိုင်းဒေသ၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဇန်န၀ါရီလ (၅)ရက်နေ့ နေ့လယ်ပိုင်းက စိတ်ကြွဆေးပြားများနှင့် အတူ ဘိန်းဖြူမှုန့်များအား လက်ဝယ်တွေ့ရှိရသူအား ဖမ်းဆီး သိမ်းဆည်း ရမိကြောင်း သတင်းရရှိသည်။
မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နမ်းခမ်းမြို့ အမှတ် (၄)ရပ်ကွက်၊ အိမ်အမှတ်(---)ရှိ စိုင်းရီ(ကျား)၏ နေအိမ်အား ၀ရမ်းအမှတ် (၃/၂၀၁၅)ဖြင့် ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်း၌ စိုင်းရီ(ကျား)အား အသင့်တွေ့ရှိနေရပြီး ဆက်လက်ရှာဖွေ စစ်ဆေးရာ Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား(၈၀၀)ပြား နှင့် ဘိန်းဖြူ(၂၄)ဂရမ်တို့ကို ရှာဖွေ တွေ့ရှိရကြောင်း အဆိုပါ မူးယစ်အဖွဲ့မှ သိရသည်။
"အခုဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေက စိုင်းရီရဲ့ အိမ်အပေါ်ထပ် အိပ်ခန်းအတွင်းက အိပ်ယာအနီးမှာရှိတဲ့ စီးကရက်ဘူးခွံထဲက စိတ်ကြွဆေးပြားတွေကို ရှာဖွေရမိသလို ဆပ်ပြာခွက်(၂)ခွက်အတွင်းက အလေးချိန် (၂၄)ဂရမ်ရှိတဲ့ ဘိန်းဖြူတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်.."ဟု မူးယစ်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိရသူ စိုင်းရီအား နမ့်ခမ်းမြို့မ ရဲစခန်းတွင် မယ(ပ)၃/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်တရားခံများကိုလည်း ဖမ်းဆီးရမိရေးအတွက် အဆိုပါ မူးယစ်တပ်ဖွဲ့မှ နယ်မြေခံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ စုံစမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။