ယနေ့ ဇန်န၀ါရီလ(၂၁)ရက် ညနေ(၆း၃၀)နာရီ အချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၁၀၂)နေပြည်တော် နှင့် တပ်ဖွဲ့စု (၃၀)တာချီလိတ် အပါအ၀င် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့နှင့် နယ်မြေခံတပ်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ လွယ်တော်ခမ်းအုပ်စု၊ စန်းလု ကျေးရွာအနီး ဟွေရဲစစ်ဆေးရေးဂိတ်အား ရှောင်ကွင်းသော လမ်းဆုံ၌ လက်နက်ခဲယမ်းများကို ဖမ်းဆီးသိမ်းဆည်း ရမိကြောင်း မူးယစ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဟွေရဲစစ်ဆေးရေးဂိတ်အား ရှောင်ကွင်းသော လမ်းဆုံ၌ ကျော်သက်(ခ) ထွန်းထွန်း (ခ) သန့်ဇင်ဝင်း မောင်းနှင်ပြီး ရန်နိုင်စိုး လိုက်ပါလာသည့် ဆိုင်ကယ်အား အဆိုပါ ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေး ရှာဖွေရာ အသင့်ဆောင်လာသော လုပ်သေနတ်ဖြင့် ခုခံရန်ကြံရွယ်သဖြင့် လုံးထွေး ဖမ်းဆီးခဲ့ရာ ၎င်းတို့ထံမှ လုပ်သေနတ်(၁)လက်၊ ယမ်းဗူး(၁)ဗူး၊ ၎င်းသေနတ်ဖြင့် ထည့်သွင်းပစ်ခတ်သည့် ခဲသီးအသေး(၂၀)လုံး၊ အကြီး (၂၀)လုံး ဆိုင်ကယ် ဇက်သော့ဖြုတ်ရာတွင် အသုံးပြုသော ဆော့ကက်(၁)ခု
ဝါယာကြိုး (၁)ချောင်း၊ ကိုယ်တွင် အသင့်ဆောင်ထားသည့် ဓါး(၂)လက်တို့အား သိမ်းဆည်း ရမိတာဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ သိရှိရသည်။
ဖမ်းဆီးရမိသူ ကျော်သက် (ခ) ထွန်းထွန်း (ခ) သန့်ဇင်ဝင်းအား ရဲတပ်ဖွဲ့မှ စစ်ဆေးဖော်ထုတ်ချက်အရ ဆိုင်ကယ်ခိုးမှုဖြင့် တိမ်းရှောင်နေသူဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် တရားမ၀င် လက်နက်ကိုင်ဆောင်မှုဖြင့် လည်းကောင်း ဆိုင်ကယ်ခိုးမှုများဖြင့် လည်းကောင်း အရေးယူဆောင်ရွက် ထားရှိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တဆင့် သိရှိရသည်။