ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ် နှင့် မိုင်းယောင်းမြို့ စသည့် မြို့နယ်(၃)မြို့နယ်မှ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၁/၂/၃/၄/၅/၆/၇)ပါ တိုင်ကြားစာများအား ဖြေရှင်းဆောင်ရွက်ပြီးစီးမှု အစည်းအဝေးကို တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ၂၀၁၅ ဇန်န၀ါရီ ၁၂ ရက်နေ့တွင် ကျင်းပခဲ့ ကြောင်းသိရသည်။
တာချီလိတ်ခရိုင်အတွင်း မြို့နယ်(၃)မြို့နယ်မှ သိမ်းဆည်းခံ မြေယာများ တိုင်ကြားမှုပေါင်း (၂၆၈)မှုရှိပြီး တာချီလိတ်မြို့နယ်တွင် (၁၆၉)မှု၊ မိုင်းဖြတ်မြို့နယ်တွင် (၉၆)မှု၊ မိုင်းယောင်း(၃)မှု ရှိကြောင်း သိရသည်။
တိုင်ကြားထားသော မြေအမျိုးအစားများမှာ မြေလွတ်မြေရိုင်း၊ စိုက်ပျိုးမြေနှင့် တပ်ပိုင်မြေ တို့ဖြစ်ကြောင်း သိရသည်။
“မြေယာအရှုပ်အရှင်း တော်တော်များများမှာ ပြည်သူက ဥပဒေကို တစ်ချို့မသိဘူး သိသူကလည်း ရှင်း မပြဖြစ်ကြဘူး ၊ အဓိကတော့ မြေရာဇ၀င် အထောက်အထား ခိုင်လုံမှုမရှိတာနဲ့ တစ်ချို့ ကိုယ်ကျိုးလောဘတွေ ပါလာတာတွေ့ရတယ်”ဟု ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှပြောသည်။
“မြေယာကိစ္စမှာ သူပိုင်တယ် ငါပိုင်တယ်ဆိုပြီး ငြင်းနေကြတာများတယ်၊ ကျွန်တော်တို့က တိုင်တန်းလာတဲ့အပေါ်မှာ ပိုင်ဆိုင်မှု အထောက်အထား အစုံအလင်နဲ့ ရှေ့မှီနောက်မှီ ပတ်ဝန်းကျင် အမိအဖများဆီက ထောက်ခံချက်တွေရယူပြီး အမှန်တကယ်ပိုင်ဆိုင်သူကို မြေယာဥပဒေနှင့်အညီ မှန်ကန်စွာ ဆုံးဖြတ်ပြီး မူလပိုင်ရှင်ထံ ရောက်ရှိရေးကို တွန်းအားပေးလုပ်ဆောင်ရန်အတွက် ဆောင်ရွက်နေပါတယ်”ဟု တာချီလိတ်ခရိုင်မြေအသုံးချမှု စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ ပြောသည်။
တပ်ပိုင်မြေများအား တပ်မတော်မှ တရားဝင် ပြန်လည် စွန့်လွတ်ခဲ့သော်လည်း မူလပိုင်ရှင်များထံ ရောက်ရှိခြင်း မရှိသေးကြောင်း၊ ခေတ်အဆက်ဆက် မြေယာစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် မြေယာ ပိုင်ဆိုင်သူများမှ ဥပဒေကြောင်းအရ မိမိတို့ ပိုင်ဆိုင်ထားသောမြေမျာအား မှတ်ပုံတင်ထားခြင်း မရှိသောကြောင့် ၀ိရောဓိလွဲမှားစွာ ပိုင်ဆိုင်မှု ပြဿနာများ ဖြစ်ပေါ်နေကြောင်း ဒေသခံများမှ သိရသည်။
မြေယာပိုင်ဆိုင်မှု ပြဿနာများသည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်ပေါ်နေပြီး ကျူးကျော်နေထိုင်ခြင်းနှင့် ဆင့်ကဲ အထောက်အထား စုံလင်ခြင်းမရှိဘဲ လက်ဆင့်ကမ်း ရောင်းချသည့် ပိုင်ဆိုင်မှု များကြောင့် မူလပိုင်ဆိုင်သူ မည်သူမည်ဝါဟု မှန်ကန်စွာ ဆုံးဖြတ်နိုင်မှု မရှိခဲ့ခြင်းများကြောင့် ပြဿနာဖြေရှင်းမှုများတွင် အဓိက ရင်ဆိုင်နေရသော အခက်အခဲများဖြစ်ကြောင်း သိရသည်။