ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု၊ ကျကကျေးရွာအနီး ဇန်န၀ါရီလ (၁၈)ရက်နေ့တွင် ဧက(၃၈၀)ကျော်ရှိသော ထာဝရ တိရိစ္ဆာန် ဘေးမဲ့လွှတ်တော စီမံဆောင်ရွက်မည့် တောအတွင်း ဇန်န၀ါရီလ(၂၁)ရက်နေ့အထိ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရမှ ကြွရောက်သီတင်းသုံးရာ ဒါယကာ၊ ဒါယကာမများမှ လိုက်ပါပို့ဆောင်ခဲ့ကြောင်းသိရသည်။
“မိုင်းဖုန်းဆရာတော်က ဘေးမဲ့တော ဖွင့်ပွဲမရောက်ခင် တောထဲက ဝေနေယျတွေနဲ့ တိရိစ္ဆာန်တွေကို မေတ္တာအရင်သွားပြုတာပါ၊ နောက်ပြီး တာလေ၊ မိုင်းလင်း တစ်လျှောက် ဒါယကာ၊ ဒါယကာမ တွေကို မေတ္တာပို့ အမျှဝေဖို့”ဟု ဆရာတော်၏ ဒါယကာတစ်ဦးမှပြောသည်။
မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဥာဏသံဝရ သည် တာချီလိတ်မြိုနယ်၊ မကာဟိုခမ်းရပ်ကွက်အတွင်း မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တွင် သီတင်းသုံးနေသော ကျိုင်းတုံမြို့ဓမ္မောဒယ ကျောင်းတိုက် ဆရာတော်ဘုရားကြီးနှင့် မဟာမြတ်မုနိဆရာတော်ကြီးထံ ကြွရောက်ဖူးမြော်ကြည်ညိုကာ ကျိုင်းတုံမြို့ ဓမ္မောဒယ ပရိယတ္တိ စာသင်တိုက်မှ ဆရာတော်ဘုရားကြီး အဘိဓဇမဟာရဌဂု အဂ္ဂမဟာ ပဏ္ဍိတ ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအာဇေယျ၏ ကျန်းမာရေး အခြေအနေမေးလျှောက်ပြီး ကိုယ်လက်ဆုတ်နယ် ပြုစုခဲ့ကာ ဆရာတော်ဘုရားမှ တရား ဓမ္မဟောကြားခဲ့ကြောင်းသိရသည်။
“ရှမ်းပြည်နယ်အရှေ့ပိုင်းရဲ့ ကျက်သရေဆောင် ဆရာတော်ဘုရားကြီး(၃)ပါး တစ်နေရာတည်းမှာ ဖူးတွေ့ရတာ တကယ်ကုသိုလ်ထူးတာဗျ၊ နောက်ပြီး သက်တော် ၀ါတော်ကြီးတဲ့ ဆရာတော်ကြီးက ပြန်လည် သွန်သင်ဆုံးမတာ ဆရာတော်(၃)ပါးရဲ့ အပြုံးတွေမြင်တာ တကယ်ဝမ်းသာမိတယ်”ဟု ဒါယကာတစ်ဦးမှပြောသည်။
ဆရာတော်သည် တာချီလိတ်မြို့နယ် မဟာမြတ်မုနိကျောင်းမှ ကျိုင်းလပ်မြို့ ကျကကျေးရွာအနီးရှိ ဘေးမဲ့လွှတ်တောသို့ ကြွရောက်ခဲ့ရာ လမ်းတွင် တပည့် သာဝကများ လမ်းတစ်လျှောက် ရှမ်းအိုးစည် ဗုံမောင်းများဖြင့် ကြိုဆိုဖူးမြော်၍ မိုင်းလင်းကျေးရွာအုပ်စု ဟိုနားကျေးရွာတွင် ဒါယိကာ၊ ဒါယိကာမများ၏ လျှောက်ထားမှုကြောင့် ရပ်နားတော်မူပြီး ရေချိုးသန့်စင်ကာ နွားကျောင်းသားတည်သော ထပ်ဆာဟိုနားစေတီအား ထပ်မံ၍ စေတီတော်(၂)ဆူတည်ရန် မြေပန္နက်ရိုက်တော်မူ၍ အမျှအတန်းပေး ဝေခဲ့ကြောင်းသိရသည်။
“လွန်ခဲ့တဲ့ (၂၀)နှစ်လောက်က ရွာထဲက ကလေးတွေ နွားကျောင်းရင်း ရွှံ့တွေ၊ သဲတွေနဲ့ စေတီတည်တမ်းဆော့ နေကြတာ အဲ့အချိန်မှာ ရွာထဲက လူတွေက အိုးစည်ဗုံမောင်းသံတွေကြားပြီး ပွဲရှိတယ်ထင်ပြီး လိုက်လာကြတာ ဒီရောက်တော့ ကလေးတွေ ဆော့နေတာမြင်တော့၊ ဒီနားမှာ အိုးစည်သံတွေ မကြားဘူးလားလို့ ကလေးတွေကို မေးတော့ ကလေးတွေက မကြားဘူးဘဲပြောတယ်၊ သူတို့အသက်က အဲ့ဒီတုန်းက (၇)နှစ်(၈)နှစ်အရွယ်လောက်ဘဲ ရှိသေးတယ်၊ သူတို့တွေကို မင်းတို့တွေ အဲ့ဒါဘာလုပ်နေတာလဲလို့ မေးတော့ စေတီတည်နေတာတဲ့၊ စေတီတည်တတ်ရဲ့လားလို့ ပြန်မေးတော့ ကလေးတွေကလည်း တည်တတ်တယ်လို့ ပြောတာနဲ့၊ ဟုတ်မဟုတ် သိချင်တာနဲ့ အုတ်တွေ၊ သဲတွေ ပေးပြီး သူတို့ကို လုပ်ခိုင်းလိုက်တာ တကယ်ဖြစ်လာတယ်၊ အဲ့ဒါနဲ့ ထူးခြားလို့ ဒီမြေနေရာကို လှူဒါန်းလိုက်တယ်၊ အခု ဒီနေရာမှာ စေတီသုံးဆူတည်မှာဖြစ်ပါတယ်”ဟု ထပ်ဆာဟိုနားစေတီ အကျိုးတော်ဆောင် ဦးစိုင်းနွမ်းက ပြောပြသည်။
စေတီအနီးတွင် ယခင်က ရွာဟောင်းရှိခဲ့ဖူးပြီး ရွှေတွင်း၊ ရေကန်များလည်း ရှိခဲ့ဖူးကြောင်း စေတီပတ်ဝန်းကျင်တွင် မြေကြမ်းသဖြင့် မလေးမခန့် မပြုဝံ့ကြောင်း တစ်ချို့နေရာများတွင် အုတ်ကျိုး၊ အုတ်ပဲ့များ တွေ့ရတတ်ကြောင်း မြေရာဇ၀င်အား ၎င်းဘိုးဘွားမိဘများလဲ မှတ်မိခြင်းမရှိကြောင်း ၎င်းမှပြောသည်။
ဆရာတော်ဘုရားသည် မိုင်းလင်းကျေးရွာအုပ်စု၊ လန်းတောင်းဘုရားကျောင်းတွင် ဘုရားဝတ်တတ်ပြီး ဒါယကာ ဒါယကာများ (၅၀၀)ဦးခန့်အား တရားရေအေးတိုက်ကျွေးကာ ပြုဖူးသမျှ ကုသိုလ်ကောင်းမှုတို့အား သာဓုခေါ်ဆိုကာ ဆက်လက်၍ ဘေးမဲ့တောသို့ ကြွရောက်ခဲ့ပြီး ညပိုင်းအချိန်ရောက်ရှိသဖြင့် ယာယီသီတင်းသုံးကျောင်းဆောင်တွင် သီတင်းသုံးဆောက်တည်နေကြောင်းသိရသည်။
“ဆရာတော် ၀တ်တက်ဖို့ ၀င်လာတုန်းက လူ(၃၀)လောက်ဘဲရှိတယ် ပြန်ဖို့ကြည့်တော့ လူ(၅၀၀)ကျော် လောက်ဖြစ်ပြီး ကားတွေပြည့်သွားတာ ဘယ်ကဘယ်လိုသတင်းကြားပြီး ရောက်လာလဲမသိဘူး”ဟု ဆရာတော် ခရီးစဉ်အား လိုက်ပါသွားသူ တစ်ဦးမှပြောသည်။
ထာဝရ တိရိစ္ဆာန် ဘေးမဲ့လွှတ်တောအား ဇန်န၀ါရီ (၂၁)ရက်နေ့တွင် ပဓာန နာယကဆရာတော်၊ နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး နိုင်ငံတော်သြ၀ါဒ စရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ Honorary Ph.D ဘဒ္ဒန္တ ဓမ္မသီရိ၊ နာယက ဆရာတော် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဥာဏသံဝရ၊ မိုင်းလင်း ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ၀ိမလ (ထပ်စွမ်ဆိုင့်ဟိုနမ့်)နှင့် ထိုင်ဝမ်ကျွန်း၊ ထိုင်ပေခရိုင် (Life Tv) ဘ၀မြှင့်တင်ရေး(ရုပ်/သံလိုင်း) နယက ဆရာတော် HAI TAO ဆရာတော်ဘုရားကြီးတို့အား အမှူးပြု၍ ကုသိုလ်ရှင် ဒါယကာ၊ ဒါယကာမတို့မှ ပူးပေါင်း၍ တိရိစ္ဆာန်မျိုးစုံအား ဘေးမဲ့လွတ် အခမ်းအနားကျင်းပမည်ဖြစ်သိရှိရသည်။
ဇန်န၀ါရီလ (၂၁)ရက်နေ့တွင် ကျင်းပမည့် တာချီလိတ် ထာဝရ တိရိစ္ဆာန်ဘေးမဲ့လွှတ်တော ဖွင့်ပွဲတွင် ကျွဲ၊ နွား၊ ဆိတ်၊ အပြင် ကျေးငှက်၊ ယုန် စသည့် သတ္တ၀ါများအား ဘေးမဲ့အဖြစ် ခုနစ်ရက်သားသမီးများမှ စုပေါင်း၍ လှူဒါန်းက ဘေးမဲ့လွှတ်ကြမည်ဖြစ်ရာ မည်သူမဆို လာရောက်၍ ကုသိုလ်ယူနိုင်မှာဖြစ်ပြီး "ဘေးမဲ့လွှတ်တော"ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ လိုက်ပါလိုသူများအနေဖြင့် စုရပ်အား တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ၊ ပါလျှံကွမ်ရင်ကျောင်းတွင် သတ်မှတ်ထားရှိပြီး လမ်းခရီးမှာ တာချီလိတ်မှ ဘေးမဲ့တောအထိကိုအချိန် (၁း၃၀)နာရီခန့် ကြာမြှင့်မှာ ဖြစ်ပြီး နေ့တွင်းချင်း တာချီလိတ်သို့ ပြန်နိုင်မှာဖြစ်ကြောင်း သိရသည့် အပြင် အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ပါဝင်လှူဒါန်းလိုသူများ လိုက်ပါလိုသူများ အနေဖြင့် ဘေးမဲ့လွှတ်တော စီမံကိန်းအဖွဲ့ ဖုန်းနံပါတ်ဖြစ်သည့် ကိုမောင်အုန်း (ထိုင်းဖုန်း ) 0823815999 သို့ ဆက်သွယ်၍ စုံစမ်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
ပုံများကိုကြည့်ရန်