တာချီလိတ်မြို့ ဝှေလေလန်ကျေးရွာ၌ ဆေးဝါးအခမဲ့ ကုသပေးခြင်း နှင့် မိုးပွင့်စီမံချက်အဖြစ် မှတ်ပုံတင်များပြုလုပ်ပေး

တာချီလိတ်မြို့ ဝှေလေလန်ကျေးရွာ၌ ဆေးဝါးအခမဲ့ ကုသပေးခြင်း နှင့် မိုးပွင့်စီမံချက်အဖြစ် မှတ်ပုံတင်များပြုလုပ်ပေး
ဇန်နဝါရီ 17, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်အတွင်း လူထုကျန်းမာရေးအတွက် တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ဆေးကုသပေးခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် မရှိသေးသူများအား ဇန်န၀ါရီလ (၁၆)ရက်နေ့က ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုရှိ ဝှေလေလှန်ကျေးရွာသို့ သွားရောက်၍ စစ်ဗျူဟာ (အခြေချ) တာချီလိတ်မှ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် စစ်ဗျူဟာ(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး ဦးဆောင်၍ ကျန်းမာရေးမကောင်းသော ဒေသခံ တိုင်းရင်းသား ကျား (၁၁၃)ဦးနှင့် မ (၁၅၇)ဦး၊ ကလေး(၂၀)ဦး၊ စုစုပေါင်း (၁၁၇)ဦးအား ဆေးဝါးကုသပေးခြင်းနှင့် လိုအပ်သော ဆေးဝါးများ အခမဲ့ ထောက်ပံ့ပေးခဲ့ကြောင်း စစ်ဗျူဟာ(အခြေချ)တာချီလိတ်မှ သိရသည်။

တာချီလိတ်ခရိုင် လ၀က ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင် နှင့် မြို့နယ်လ၀က ဦးစီးမှူး ဦးသိန်းလွင်တို့ ဦးဆောင်သည့် လ၀ကအဖွဲ့ဝင်များမှ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာတွင်  မှတ်ပုံတင် မရှိသူများနှင့် အိမ်ထောင်စုဇယား မရှိသေးသူများအား မိုးပွင့်အထူးစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့ကြောင်း သိရပြီး၊ အမျိုးသားမှတ်ပုံတင် ကျား(၄၃)ဦး၊ မ (၃၇)ဦး၊ ပေါင်း (၇၁)ဦးနှင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကျား(၂၇)ဦး မ (၂၉)ဦး၊ ပေါင်း (၅၉)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသား စိစစ်ရေး ကတ်ပြား ကျား(၅)ဦး မ(၃)ဦး၊ ပေါင်း(၈)ဦး၊ ကလေး မွေးတိုးဆောင်ရွက်မှု(၂၁)ဦး၊ ယာယီအိမ်ထောင်စုဇယား (၁၇)စု ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။

“တပ်မတော်နဲ့ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ဒီလို ဒေသခံ ပြည်သူလူထု လိုအပ်ချက်ကို ထိရောက်တဲ့ ဖြည့်ဆည်းမှုမျိုးပေးနိုင်တာ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် တကယ်အထောက်အကူဖြစ်ပါတယ်”ဟု တပ်မတော်မှ တာဝန်ရှိသူတစ်ဦးမှပြောသည်။

ဇန်န၀ါရီလ နောက်ဆုံးပတ်တွင် တာချီလိတ်ခရိုင် မိုင်းဟဲကျေးရွာအုပ်စုအတွင်း တပ်မတော်မှ နယ်လှည့်အခမဲ့ဆေးဝါး ကုသခြင်းများအဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~