ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ပပျောက်ရေးအတွက် ကာကွယ်ဆေးကို ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၁၉) ရက်မှ စ၍ (၂၇)ရက်နေ့အထိ တာချီလိတ်မြို့ပေါ်ရှိ ကျောင်းများ၌ ဆေးထိုးသွားပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ဇန်န၀ါရီလ(၁၉)ရက်နေ့က အ.ထ.က(တာချီလိတ်)၊ တာလော့ကျောင်း၊ ဆန်ဆိုင်းနှင့် ပုန်းထွန်ကျောင်း တို့တွင် ကာကွယ်ဆေးထိုးခဲ့ရာ ထိုသို့ ဆေးထိုးရာတွင် ပထမတစ်ရက်မှာ ကျောင်းသား/သူ စုစုပေါင်း (၅၀၅၉)ဦးကို ဆေးထိုးပေးနိုင်ခဲ့ကြောင်း ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ကျေးလက်/မြို့ပေါ်ရှိ သူနာပြုဆရာများ ကျန်းမာရေးအဖွဲ့ဝင်များမှ တစ်ရက်ထဲ ကျောင်း(၄)ကျောင်းကို ဆေးထိုးပေးနိုင်ခဲ့ပြီး အ.ထ.က(တာချီလိတ်)၌ ကျန်ရှိနေသေးသည့် ကျောင်းသားတစ်ဝက်ကို ယနေ့ ဇန်န၀ါရီလ(၂၀)ရက်နေ့မှာ ပြန်လည်ထိုးပေးသွားသည်။
"ကျောင်းပျက်တဲ့ကလေးတွေကို စာရင်း ပြန်မှတ်ပြီး နောက်ရက်မှာ ပြန်ထိုးပေးပါတယ်၊ ကာကွယ်ဆေး မထိုးရသူ မရှိအောင် ၁၀၀% အပြည့်ထိုးပေးသွားမှာပါ.."ဟု အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းချစ်က ပြောသည်။
"ကာကွယ်ဆေးကို (၉)လသား ကနေ (၁၅)နှစ်သားအရွယ်အထိ ထိုးပေးရပါတယ်၊ ကျောင်းတွေမှာ အငယ်တန်း ကလေးတွေကို ထိုးပေးရင်လည်း တစ်ချို့ကလေးတွေကတော့ ငိုပြီး ရုန်းကန်ကြတာတော့ နည်းပါတယ်၊ အကြီးတန်းတွေကြတော့ သိတတ်တဲ့ အရွယ်ဆိုတော့ နာတာကို သိပြီး နည်းနည်းတာ့ ကြောက်ကြတာပေါ့၊ ဘာမှတော့ အခက်ခဲမရှိပါဘူး၊ ကျောင်းသားမိဘတွေ နဲ့ ကျောင်းက ဆရာ၊ ဆရာမတွေပါ ကူညီပေးတော့ အဆင်ပြေပါတယ်.."ဟု မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ သားဖွားဆရာမ ဒေါ်မြသန္တာခိုင်က ပြောသည်။
ကျောင်းသား၊ ကျောင်းသူများ မထိုးရ မရှိအောင်"အစဉ်လိုက် တစ်ခန်းဆီရဲ့ပျက်ကွက် စာရင်းနဲ့ခေါ်ပေးပြီး ကျောင်းပျက်သူကို စာရင်းမှတ်ကာ နောက်ရက်မှာ ပြန်လည်ထိုးခိုင်းပါတယ်.." ဟု ကျောင်းဆရာမ တစ်ဦးက ပြောသည်။
တာချီလိတ်မြို့ပေါ်ရှိ ကျန်ရှိနေသေးသော ကျောင်းများကို ဇန်န၀ါရီလ(၁၉)ရက် မှ (၂၇)ရက်နေ့ အထိ အပြတ်ထိုးသွားမည်ဖြစ်ပြီး၊ လာမည့် ဖေဖော်ဝါရီလ (၁၉)ရက်ကနေ (၂၈)ရက်နေ့ အထိ ပြည်သူလူထု နှင့် မူကြိုကျောင်းများကို ထိုးပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များကို ကာကွယ်ဆေးထိုးရာသို့ တာချီလိတ်ခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်း နှင့် ကျန်းမာရေး ၀န်ထမ်းများ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်အေးသန္တာကျော် နှင့် ခရိုင်/မြို့အသင်းဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ အပါအ၀င် ကျောင်းအုပ်ဆရာကြီး ဦးလှဝင်းနှင့် ဆရာ၊ ဆရာမများ၊ ယူနီဆက်မှ တာဝန်ရှိသူများ စသည့် စုပေါင်းအဖွဲ့မှ စနစ်တကျ ကာကွယ်ဆေးထိုးနှံခြင်းကို လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။
သတင်း ။ ။ ဇောင်းညီ