တာချီလိတ်ခရိုင်၊ တာလေမြို့၊ မိုင်းလင်းအုပ်စုအတွင်း ဇန်န၀ါရီလ (၁၈)ရက်နေ့ ညနေ (၃း၃၅)နာရီ အချိန်ခန့်က မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ် နှင့် မူးယစ်တပ်ဖွဲ့စု(၁၀၂)နေပြည်တော် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများကို သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးသိမ်းဆည်း ရမိကြောင်း မူးယစ်တပ်ဖွဲ့(၃၀)တာချီလိတ်မှ သိရသည်။
လာအို - မြန်မာ - ထိုင်း သုံးနိုင်ငံ နယ်စပ်ဖြစ်သည့် တာချီလိတ်ခရိုင်၊ တာလေမြို့၊ မိုင်းလင်းအုပ်စု၊ နမ့်မွေချောင်းတံတားတွင် အဆိုပါ ပူးပေါင်းအဖွဲ့တို့ဖြင့် ပိတ်ဆို့စစ်ဆေး ရှာဖွေမှုများ ပြုလုပ်နေကြစဉ်မှာ တာလေဘက်မှ ကျိုင်းလပ်ဘက်သို့ ကျလော မောင်းနှင်ပြီး အိုက်ခမ်း၊ ကျဖီ၊ ကျဝ၊ အိုက်ကျော် နှင့် ရေလာမြင့် (၅)ဦးလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာမှ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများကို ရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိတာ ဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့မှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ (၅)ဦး လိုက်ပါလာသော ကားပေါ်တွင် ကာလတန်ဖိုးငွေ ကျပ် (၅၆)သိန်းခန့် တန်ဖိုးရှိပြီး အလေးချိန် (၃၅၀)ဂရမ်ရှိသည့် ဘိန်းဖြူ ဘလောက်တုံး(၁)တုံး နှင့် ချက်နိုင်ငံထုတ် ၉ မမ သေနတ်အတို (၁)လက်၊ ၎င်းကျည်(၁၁)တောင့်တို့အား ရှာဖွေတွေ့ရှိသဖြင့် မိုင်းလင်းနယ်မြေရဲစခန်းတွင် မယ(ပ)၁/၂၀၁၅၊ မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၂(ခ)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။