ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အထိမ်းအမှတ် ပွဲတော်အား နိုင်ငံကျော် တေးသံရှင် ဒေါ်မာမာအေးနှင့် အငြိမ့်မင်းသမီး ရွှေတံဆိပ်များရှင် ကျားလေးစိန်တို့ လာရောက် ဖျော်ဖြေမည်ဖြစ်ပြီး အားကစားပြိုင်ပွဲများ၊ နိဗ္ဗာန်ဈေးပွဲတော်များ၊ ကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများနှင့် တိုင်းရင်းသားရိုးရာ အကများဖြင့် ထည့်သွင်း ဖျော်ဖြေ ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့ ဇန်န၀ါရီလ(၂၄)ရက်နေ့တွင် "ဟိုတယ်တာချီလိတ်"၌ ကျင်းပပြုလုပ်သည့် ကော်မတီအစည်းအဝေးမှ သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲတွင် အထိမ်းအမှတ်အဖြစ် နိုင်ငံကျော်အဆိုတော်များ၊ အငြိမ့်အဖွဲ့နှင့် တေးဂီတဖျော်ဖြေမှုများအား တာချီလိတ်မြို့သူမြို့သားများနှင့် ထိုင်းနိုင်ငံအတွင်းက မြန်မာများ ကြည့်ရှု နိုင်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ် အောင်ဆန်းရာပြည့် ပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။
နိုင်ငံကျော် အဆိုတော် ဒေါ်မာမာအေး၊ အတီးပညာရှင် ဒေါက်တာဌေးဝင်းနှင့် ရွှေတံဆိပ်များရှင် ကျားလေးစိန် အငြိမ့်ဖြင့် ဖျော်ဖြေမည်ဖြစ်ပြီး အငြိမ့်အဖွဲ့တွင် လူရွှင်တော် မေတ္တာ၊ ချစ်စရာ၊ နောက်တိုးနှင့် ရွှင်ပျော် တို့ ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်းနှင့် ဖေဖေါ်ဝါရီလ (၁၂)ရက်နှင့် (၁၃)ရက်နေ့တွင် နိုင်ငံကျော် ဧည့်သည် အဆိုတော်များ ဖျော်ဖြေပြီး (၁၁)ရက်နေ့တွင် ဒေသခံ တိုင်းရင်းသားရိုးရာအကများဖြင့် သီဆိုဖျော်ဖြေ သွားမည်ဖြစ်ကြောင်း ဖျော်ဖြေရေးဆပ်ကော်မတီမှ ဒေါ်ခင်သန်းမူ၏ ရှင်းပြချက်အရ သိရသည်။
“အသင်းလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ပါဝင်ဆင်နွှဲနိုင်အောင် ဖူဆယ်ဘောလုံးပြိုင်ပွဲ နဲ့ မာရသွန် အပါအ၀င် အားကစားပြိုင်ပွဲ အမျိုးအစား (၁၈)မျိုး ထည့်သွင်းထားပြီး ကလေးတွေရော လူကြီးတွေရော ပါဝင်နိုင်အောင် စီစဉ် ဆောင်ရွက် ထားပါတယ်”ဟု ဗိုလ်ချုပ်ရာပြည့်ပွဲတော် အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီမှ ကိုမောင်ထွေးမှ ပြောသည်။
အားကစားပြိုင်ပွဲများအား ဖေဖေါ်ဝါရီလ အစပိုင်းမှာ စတင်ကျင်းပမည်ဖြစ်ပြီး ဒေသခံများနှင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများလည်း ပါဝင်ဆင်နွှဲနိုင်ရန် စီစဉ်ထားရှိပြီး၊ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်သည့် ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့တွင် မာရသွန်ပြိုင်နှင့် ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲနှင့် ရိုးရာအားကစား ပြိုင်ပွဲများ စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်ရာပြည့်ပွဲတော်တွင် နိဗ္ဗာန်ဈေးဆိုင်ခန်း (၂၀)ပါဝင်ပြီး မြို့ပေါ်ရှိ နိုင်ငံရေးပါတီ၊ လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်း အသီးသီးနှင့် ထိုင်းနိုင်ငံအတွင်းမှ လူမှုရေးအသင်းအဖွဲ့များမှ ပါဝင်ပြီး ဒါနပြုသွားမည်ဖြစ်ကြောင်း သိရသည်။
“ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရာပြည့်မွေးနေ့ပွဲတော်ကို ဗိုလ်ချုပ်ရဲ့နှလုံးရည်၊ လက်ရုံးရည်နဲ့ စိတ်ဓါတ်တွေ ဘယ်လိုရှိတယ်ဆိုတာ နောင်လာနောင်သားတွေ သိစေချင်လို့ ဗိုလ်ချုပ်အောင်ဆန်းလို လူမျိုး များများ ထွက်ပေါ်လာစေချင်လို့ ကျင်းပတာပါ”ဟု ဗိုလ်ချုပ်ရာပြည့် ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးတင့်ဆွေမှ ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အထိမ်းအမှတ်အနေဖြင့် တာချီလိတ်မြို့ပေါ်ရှိ ကျောင်းများမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်ရှိ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ကဗျာ စသည့်ပြိုင်ပွဲများကို ယနေ့ ဇန်န၀ါရီလ(၂၄)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲများနှင့် ဗိုလ်ချုပ်ဖက်ရှင် ၀တ်စုံပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း ရွှေမဟာကိုယ်ပိုင်အထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်၏ ရှင်းပြချက်အရ သိရသည်။
တာချီလိတ်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော် ဖြစ်မြောက်ရေးကော်မတီမှ ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့်မွေးနေ့ အထိမ်းအမှတ် အင်္ကျီ၊ လွယ်အိတ်နှင့် ဦးထုပ်တို့အား အများပြည်သူများ အမှတ်တရ ၀တ်ဆင်နိုင်ရန် အတွက် ရောင်းချပေးနေလျက် ရှိကြောင်းနှင့် အမှတ်တရ ပစ္စည်းများအား အများပြည်သူ ၀တ်ဆင်နိုင်အောင် ရည်ရွယ်၍ ၀ယ်ရင်းဈေးနီးပါးနဲ့ ဈေးရင်းအတိုင်း ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းရာပြည့်မွေးနေ့အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ပွဲတော်ဖြစ်မြောက်ရေး ကော်မတီအား ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး တာချီလိတ်ဒေသခံများနှင့် လုပ်ငန်းရှင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ထိုင်းနိုင်ငံအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။
ပုံများကိုကြည့်ရန်