တာချီလိတ် စစ်ဗျူဟာမှူး ဦးဆောင်သည့် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ အခမဲ့ ဆေးကုပေး

တာချီလိတ် စစ်ဗျူဟာမှူး ဦးဆောင်သည့် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ အခမဲ့ ဆေးကုပေး
ဇန်နဝါရီ 22, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်အတွင်း လူထုကျန်းမာရေးအတွက် တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ဆေးကုသပေးခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် မရှိသေးသူများအား ဇန်န၀ါရီလ (၂၀)ရက်နေ့က ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ ပန်ကူကျေးရွာသို့ သွားရောက်၍ စစ်ဗျူဟာ (အခြေချ) တာချီလိတ်မှ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် စစ်ဗျူဟာ(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး ဦးဆောင်၍ ဒေသခံ တိုင်းရင်းသား ကျား (၁၀၀)ဦးနှင့် မ (၇၀)ဦး၊ ကလေး(၃၀)ဦး၊ စုစုပေါင်း (၂၀၀)ဦးအား ဆေးဝါးကုသပေးခြင်းနှင့် လိုအပ်သော ဆေးဝါးများ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း စစ်ဗျူဟာ(အခြေချ)တာချီလိတ်မှ သိရသည်။

တာချီလိတ်ခရိုင် လ၀က ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင် ဦးဆောင်သော(၁၄)ဦးပါဝင်သော လ၀ကအဖွဲ့ဝင်များမှ လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ ပန်ကူကျေးရွာတွင် မှတ်ပုံတင် မရှိသူများနှင့် အိမ်ထောင်စုဇယား မရှိသေးသူများအား မိုးပွင့် အထူးစီမံချက်(၁၄)ဖြင့် မှတ်ပုံတင်မရှိသူများအား မှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် အိမ်ထောင်စု ဇယားများပြုလုပ်ပေးခြင်း ကိစ္စရပ်များအား ဆောင်ရွက်ပေးခဲ့ကြောင်း ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။

ဒေသခံပြည်သူလူထု လိုအပ်ချက်များအား တပ်မတော်နှင့် ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ  ပူးပေါင်းပါဝင် ဆောင်ရွက်မှုသည် ထိရောက်သော လုပ်ဆောင်ချက်ဖြစ်သဖြင့် ကျေးလက် ဒေသဖွံဖြိုးရေး လုပ်ငန်းများတွင် များစွာအထောက်ကူ ဖြစ်ပေါ်စေကြောင်းနှင့် ဒေသခံပြည်သူလူထု အနေဖြင့် ယုံကြည်ကိုးစားမှုကို ရရှိလျက်ရှိကြောင်း ဒေသခံ တိုင်းရင်းသားများ၏ ပြောပြချက်အရ သိရသည်။

 Tachileik Online News ( www.tachileik.net  )