ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ဇန်န၀ါရီလ (၁၂)ရက်နေ့က အသက်(၂)နှစ်သား အရွယ် ကလေးငယ်တစ်ဦးအား ထိုင်းနိုင်ငံသို့ ရောင်းစားရန် ခေါ်ဆောင်သွားခဲ့သဖြင့် တာဝန်သိ ပြည်သူများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း တာချီလိတ် လူကုန်ကူးတပ်ဖွဲ့မှ သိရသည်။
လူတစ်ဦး ဘုရားပေါ်မှ ကလေးငယ်အား ခေါ်ယူသွားကြောင်း မိဘများမှ တာချီလိတ်မြို့မရဲစခန်းသို့ အကြောင်းကြားခဲ့သဖြင့် တာချီလိတ်မြို့မရဲစခန်းမှ ဓါတ်ပုံဆရာရိုက်ကူးထားသော ဓါတ်ပုံပါလူနှင့် ကလေးငယ်၏ ဓါတ်ပုံတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ်(၁)သို့ အချက်အလက်များ လွှဲပေးခဲ့ကြောင်း စခန်းမှူး ဒုရဲအုပ်ကျော်သန်းထံမှ သိရသည်။
ခဏလေးအတွင်း ပျောက်သွားသော ကလေးငယ်အား လိုက်လံရှာဖွေရာတွင် ကလေးငယ်တစ်ဦးနှင့် လူတစ်ယောက်အား ဘုရားပေါ်မှ ဆိုင်ကယ် ကယ်ရီဖြင့် 1G1 ဟိုတယ်အနီးရှိ ရေဆိပ်တွင် ချပေးခဲ့ကြောင်း ဆိုင်ကယ် ကယ်ရီသမားထံမှ သိရသဖြင့် ထပ်မံရှာဖွေရာ ထိုင်းနှင့်မြန်မာနိုင်ငံကို ပိုင်းခြားထားသည့် မယ်ဆိုင်ချောင်းအား ဖြတ်ကူးသွားကြောင်းနှင့် ကလေးနှင့် လူကြီးခြေရာများကို ချောင်းစပ်တွင် တွေ့ရှိသဖြင့် ထိုင်းနိုင်ငံမှ ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့ပြီး ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းရှာဖွေခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ်(၁)မှ ရဲအုပ် မင်းအောင်ထံမှ သိရသည်။
နှစ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်သိ ပြည်သူဖြစ်သည့် ဓါတ်ပုံဆရာ ကိုမျိုးသန်းကျော်တို့သည် ကလေးဖမ်းဆီး ခေါ်ဆောင်သွားသူ ဖြတ်သန်းသွားသော မယ်ဆိုင်ချောင်း အနီးရှိ ထိုင်းနိုင်ငံ နယ်ခြားစောင့် တပ်အား စုံစမ်းမေးမြန်းခဲ့ရာ ၎င်းတို့မှ ပူးပေါင်းပါဝင်၍ ရှာဖွေပေးခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ ပီယာဖောင်းရပ်ကွက်၊ (၃)လမ်းပေါ်တွင် ထိုင်းနိုင်ငံမှ ဆိုင်ကယ် ကယ်ရီသမားတစ်ဦးအား ဓါတ်ပုံပြ၍ အကူအညီ တောင်းခဲ့ရာ ၎င်းကိုယ်တိုင် ပီယာဖောင်းရပ်ကွက်၊ မုန်တိုင်းတံတားအနီးသို့ လိုက်ပို့ခဲ့ခြင်းဖြစ်ကြောင်းနှင့် မုန်တိုင်းတံတားအနီး အလုပ်လုပ်နေသော မြန်မာနိုင်ငံသား အလုပ်သမားများ နှင့် ပူးပေါင်း ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းထံမှသိရသည်။
ကလေးခိုးသူအား ရှာဖွေဖမ်းဆီးရမိရေးတွင် ပါဝင် ကူညီပေးခဲ့သူ တာချီလိတ် ရွှေတိဂုံဘုရား ရင်ပြင်ပေါ်တွင် ဓါတ်ပုံရိုက်ကူးသူ ကိုမျိုးသန်းကျော်က “ကျွန်တော် နေ့လယ်ပိုင်းတုန်းက ဘုရားပေါ်မှာ ကလေးကို ခေါ်သွားတဲ့ သူကို ဓါတ်ပုံရိုက် ပေးခဲ့သေးတယ်၊ ကလေးတစ်ယောက်ကို မူးနေတဲ့ လူတစ်ယောက်က ပွေ့ခေါ်သွားတာ လူနှစ်ဦးက မြင်လိုက်ရတယ်လို့ ကျွန်တော့ကို လာပြောတာ ကျွန်တော်လဲ သားတစ်ယောက်ရှိတော့ မိဘချင်း ကိုယ်ချင်းစာလို့ တစ်နေကုန် အလုပ်ပျက်ခံပြီး လိုက်ကူညီပေးတာပါ..." ဟု တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
အရွယ်မရောက်သေးသော ကလေးသူငယ်အား ရောင်းစားရန် အတွက် ခိုးယူခေါ်ဆောင်သွားသူ အသက်(၃၄)နှစ်ရှိ စောဝေဖြိုးအောင်အား ဥပဒေအရ အရေးယူပေးရန် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ်(၁)မှ ဒုရဲမှူး ရင်ရင်အေးမှ တရားလိုပြုလုပ် တိုင်တန်းခဲ့သောကြောင့် တာချီလိတ်မြို့မ ရဲစခန်းမှ (ပ)၁၄/၂၀၁၅ ၊ လူကုန်ကူးမှုတားဆီး ကာကွယ်နှိမ်နင်းရေး ပုဒ်မ ၂၄ ဖြင့် အမှုဖွင့်လှစ် အရေးယူထားကြောင်းနှင့် ဖမ်းဆီး ခေါ်ဆောင်ခံရသူ (၂)နှစ်အရွယ် သားငယ် ကောင်းမြတ်ဟိန်းအား မိဘများ လက်ဝယ်သို့ ပြန်လည်လွှဲပြောင်း အပ်နှံပြီးကြောင်း တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်သန်းထံမှ သိရသည်။
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ်(၁) အနေဖြင့် တာချီလိတ်ခရိုင်အတွင်း ၂၀၁၄ ခုနှစ်အတွင်း ဖေါ်ထုတ်နိုင်ခဲ့သည့် ပြစ်မှုများမှာ လူကုန်ကူးမှု(၃)မှု၊ လူမှောင်ခိုမှု(၁)မှု၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာအမှု (၈)မှု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးပြစ်မှု စုစုပေါင်း (၁၂)မှုရှိခဲ့ပြီး ယခု ၂၀၁၅ခုနှစ်၏ နှစ်ပတ်တာကာလအတွင်း၌ လူမှောင်ခိုမှု(၁)မှုနှင့် လူကုန်ကူးမှု(၁)မှုတို့ရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ထံမှ သိရှိရသည်။