တာချီလိတ်မြို့မဈေးနှင့် ပတ်သက်၍ စည်ပင်သာယာရေး ကော်မတီ မှ မီဒီယာများနှင့် တွေ့ဆုံကာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

တာချီလိတ်မြို့မဈေးနှင့် ပတ်သက်၍ စည်ပင်သာယာရေး ကော်မတီ မှ မီဒီယာများနှင့် တွေ့ဆုံကာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
ဒီဇင်ဘာ 7, 2014
By Tachileik News Agency

တာချီလိတ်မြို့မဈေးဟောင်းအား အဆင့်မြှင့်တင်သည့်အနေဖြင့် အသစ်ပြန်လည်ဆောက်လုပ်မှုမှာ ပြီးလုနီးပါးဖြစ်နေသည်နှင့်အညီ အဆိုပါ ဈေးတွင် ဖြစ်ပေါ်နေသော ပျံကျဈေးသည်များအတွက် နေရာ ပြန်လည်ချထားပေးရေး ကိစ္စနှင့်ပတ်သက်၍ ဒီဇင်ဘာလ(၅)ရက်နေ့ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနရုံးတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မီဒီယာများနှင့် တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲအား ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ အမှုဆောင်အရာရှိ ဦးကျော်ဇင် နှင့်  ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် စည်ပင်သာယာရေးကော်မတီဝင် ဦးထိန်မင်း စသည့် ကော်မတီဝင်များ အပါအ၀င် မင်းခေတ်သစ်ကုမ္ပဏီမှ MD ဦးမောင်မောင် နှင့် သတင်းမီဒီယာများတွေ့ဆုံကြ၍ မေးမြန်း ရှင်းလင်းဖြေကြား ခဲ့ကြသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရှေးဦးစွာ စည်ပင်သာယာရေးကော်မတီဝင် ဦးထိန်မင်းက ယခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းသည် ပျံကျဈေးသည်များအတွက် ချထားပေးခဲ့ပြီး နေရာကိစ္စများနှင့် ဈေးနှုန်းသတ်မှတ်ထားရှိမှုအပြင် ဈေးကိစ္စများကို မီဒီယာမှတဆင့် ဈေးသူများသားများ သိရှိနိုင်ရန်အတွက် ယခုလို မီဒီယာများအား ဖိတ်ခေါ်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတာဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ အမှုဆောင်အရာရှိ ဦးကျော်ဇင်က "မူလဈေးဆိုင်ခန်း စာရင်းဝင် LF 44 စာရင်းဝင် ဈေးဆိုင်ခန်းများသာ အတည်ဖြစ်ပြီး ကျန်ဈေးဆိုင်ခန်းများမှာ ပျံကျဈေးဆိုင်ခန်းများဖြစ်ကြောင်း၊ မူလကောက်ခံခဲ့သော ပျံကျဈေးခုံပေါင်း (၁၉၃)သာရှိကြောင်း၊ ပြီးခဲ့သည့် ၂၇-၉-၂၀၁၄ ရက်နေ့က အောင်မြတ်ခန်းမ၌ မဲနှိုက်ရွေးချယ်မှုစနစ်ဖြင့် ပျံကျဈေးသည်များအား (၁၉၅)ခုံကို နေရာချထားပေးခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းကိစ္စအား မကျေနပ်သဖြင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အား လိပ်မူ၍ လက်မှတ်ထိုးတောင်းဆိုခဲ့သည်မှာ (၂၅၆)ဦးရှိကြောင်း၊ ၎င်းလက်မှတ်ထိုး စာရွက်များတွင် လူတစ်ချို့မှာ အမည်တစ်ခု၊ မှတ်ပုံတင်နံပါတ်တစ်ခုအား စာရွက်အပေါ်ပိုင်းတွင်လည်း ပါထားပြီး အောက်ပိုင်းတွင်လည်း ပါဝင်နေသည်ကို တွေ့ရှိရကြောင်း၊ လက်ရေးမူနှင့်ရေးလိုက်၊ ကွန်ပျူတာ စာလုံးဖြင့်ရေးလိုက်နှင့် ပါဝင်နေကြောင်း၊စည်ပင်သာယာရေး ကော်မတီမှ လျှောက်လွှာပြန်ခေါ်၍ လာရောက် လျှောက်ထားကြရာမှာလည်း လူဦးရေ(၄၀၀)ခန့် ပါဝင်လာကြောင်း တစ်ချို့မှာ ဈေးမရောင်းဘဲ ရောင်းသည်ဟု စာရင်းလာရောက် ပေးသူများလည်း ပါဝင်လာကြောင်း၊ ခုံများအား လီဆယ်တင်ပြလာသည်များလည်းရှိကြောင်း ကော်မတီမှ ပြန်လည်စိစစ်၍ ရွေးချယ်ခဲ့ရာ လူပေါင်း(၂၉၀)ခန့်ရရှိကြောင်း ၎င်းဈေးသည်များအား စာများပေးပို့၍ လာရောက် လျှောက်ထားရန် အကြောင်းကြားခဲ့ကြောင်း (၉၀%)ခန့် စာရင်းပေးသွင်းထားမှုရှိကြောင်း ရှင်းပြသည်။

တာချီလိတ်မြို့မှ မြန်မာ့အလင်း အလွတ်တန်း​​သတင်း​ထောက်​ မြင့်မိုရ်က “စာရင်းလာရောက် ပေးမသွင်းသောသူများမှာ မည်သည့်အတွက် ကြောင့် ပေးမသွင်းကြတာလဲ”ဟုမေးမြန်းလာသည်။

ထိုသို့ မေးမြန်းလာမှုအပေါ် ဦးကျော်ဇင်က "ဈေးသည်များသည် တစ်ဦးတည်းမှ (၄)ခုံ(၃)ခုံ ပိုင်ဆိုင်သူများ ရှိကြောင်း မိမိတို့အနေနှင့် မူလပိုင်ဆိုင်ထားမှုများမှာ တရားဝင်ခြင်း မဟုတ်သည့်အတွက် အပြည့်အ၀ ပြန်လည်ပေးအပ်နိုင်ခြင်း မရှိကြောင်း၊ ယခုလာရောက်စာရင်း မပေးသော(၃၉)ဦးမှာ ယင်းသို့ (၄)ခုံ(၃)ခုံ ပိုင်ဆိုင်သူများဖြစ်ပြီး မကျေနပ်သဖြင့် စာရင်းလာရောက်မပေးသူ များသာဖြစ်ကြောင်း၊ မိမိတို့မှာ တစ်ဦးလျှင် (၁)ခုံနှုန်းသာ မရ/မရှိမဖြစ်အောင် ဆောင်ရွက်ထားရှိကြောင်း”ပြန်လည် ရှင်းပြသည်။

တာချီလိတ်အွန်လိုင်းသတင်းထောက် ကိုဇောင်းမှ ပျံကျဈေးသည်များ အနက် (၈၆)ဦးမှာ ကနဦး တောင်းဆိုခဲ့သူများဖြစ်ကြောင်း ယခုလက်ရှိတွင် ကနဦးတောင်းဆိုသူ (၈၆)ဦးမှာ အပြည့်အ၀ မရရှိသေးကြောင်း၊ တောင်းဆိုမှုများတွင် မပါဝင်သော သား၊ ငါးတန်းများအနေဖြင့် အမည်ပေါက်အနေဖြင့် ရရှိခြင်းမှာ မည်သည့် အတွက်ဖြစ်ကြောင်း၊ ဈေးဆိုင်ခုံများ၏ ဈေးနှုန်းများမှာ အတိအကျ သတ်မှတ်ထားခြင်းရှိ/မရှိ နှင့်  ဈေးသည်များအား နေရာချထားပေးမှု နောက်ဆုံးအဆင့် အခြေအနေကို သိလိုကြောင်း မေးမြန်းသည်။

ထိုသို့ မေးမြန်းမှုကို စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်က "သား၊ ငါး တန်း များ နေရာရရှိခြင်းမှာ လိုင်စင်ချထားပေးသော သား၊ ငါး ဒိုင်များသာ ဖြစ်ကြောင်း၊ ပုံသေရောင်းချခြင်း မရှိသော ဈေးသည်များအား နေရာပြန်လည် မပေးကြောင်း၊ ထို့ကြောင့် (၈၆)ဦးတွင် အပြည့်အ၀ မရရှိသော သူများမှာ ပုံသေရောင်းချခြင်း မရှိသူများသာ မပေးအပ်ခြင်းဖြစ်ကြောင်း၊ ဈေးဆိုင်ခုံဈေးနှုန်းများ အနေနှင့် ကုမ္ပဏီမှ သတ်မှတ်ဈေးနှုန်းမှာ (၅ပေx၃.၅ပေ)အား ကျပ်(၂၅)သိန်း၊ (၄ပေx၃ပေ)အား ကျပ်(၂၀)သိန်း၊ (၃ပေx၃ပေ)အား (၁၅)သိန်း သတ်မှတ်ထားရာ ၎င်းတို့ စည်ပင်သာယာရေးကော်မတီမှ ကုမ္ပဏီနှင့် တွေ့ဆုံ၍ ညှိနှိုင်းပြီး မူလဈေးနှုန်းထက် လျော့နည်းသော တန်ဖိုးများ သတ်မှတ်ပေးခဲ့နိုင်ကြောင်း (၂၅)သိန်းတန်အား ကျပ်သိန်း(၂၀)၊ ကျပ်သိန်း(၂၀)အား ကျပ်(၁၅)သိန်း၊ ကျပ်(၁၅)သိန်းအား (၁၁)သိန်းအထိဖြစ်အောင် ညှိနှိုင်းပေးခဲ့ကြောင်း နှင့် ပျံကျဈေးသည်များအတွက် (၂)ကြိမ်တိုင်တိုင် မဲနှိုက်ရွေးချယ်ပြီး ဈေးဆိုင်ခန်းများ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း၊ မရရှိသေးသော သူများအား ဒီဇင်ဘာလ အတွင်း ထပ်မံမဲနှိုက်ရွေးချယ်ပေးမည်ဖြစ်ကြောင်း ရှင်းပြသည်။

တာချီလိတ်အွန်လိုင်းမှ သတင်းထောက်/စာရေးဆရာ ဝေယံလင်းက "ဈေးခန်းနေရာ လက်လွှဲရောင်းချမှုနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေမှာ အလုအယက်ဖြစ်နေတယ်လို့ သိရကြောင်း အဲ့လို လက်လွှဲ ရောင်းချမှုကို ထိန်းချုပ်တဲ့ စနစ် ကော်မတီက ရှိမရှိ ဆိုတာကို သိလိုကြောင်း" မေးမြန်းလာသည်။

စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်မှ “LF 44 ဈေးဆိုင်ခန်း ဆိုသည်မှာ မူလပျံကျ ဈေးဆိုင်များအား တရားဝင် ဈေးဆိုင်ခန်းများအဖြစ် ပေးအပ်ခြင်း ဖြစ်ကြောင်း တဆင့် လွှဲပြောင်း ရောင်းချခြင်းအား တရားဝင်ပြုလုပ်၍ရကြောင်း၊ ရောင်းချသူနှင့် ၀ယ်ယူသူတို့မှ စာရွက်စာတမ်း အပြည့်အစုံနှင့် စည်ပင်သာယာရေးကော်မတီသို့ တင်ပြရကြောင်း စည်ပင်သာယာရေးကော်မတီမှ စိစစ်၍ ရက်သတ္တပတ်(၂)ပတ်အတွင်း ကန့်ကွက်မည့်သူ မရှိပါက ခွင့်ပြုပေးမည်ဖြစ်ကြောင်း”ရှင်းပြသည်။

မှုခင်းသတင်းထောက် မောင်ဖိုးစံ(ဒူးယား)မှ "ပျံကျဈေးသည်(၈၆)ဦးအနက် လာရောက် မလျှောက်သော သူများ၏ ဈေးဆိုင်ခန်းများအား အကယ်၍ ဈေးဖွင့်လှစ်မှု ပြီးစီးချိန်အထိ လာရောက်မလျှောက်ထားလျှင် အချိန်ကာလ မည်၍မည်မျှအထိ ထိန်းသိမ်းထားမည်နည်း၊ မည်သို့စီစဉ်ဆောင်ရွက်ထားခြင်းရှိ/မရှိ”အား မေးမြန်းလာသည်။

စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်မှ "အချိန်ကာလ (၁၄)ရက်၊ ရက်သတ္တပတ် (၂)ပါတ်အတွင်းမှာ လာရောက်ဆက်သွယ်ခြင်းမရှိလျှင် စည်ပင်သာယာရေးကော်မတီမှ သိမ်းဆည်းသွားမည် ဖြစ်ကြောင်း တရားဝင်ရုံးစာအဖြစ် ထုတ်ပြန်ထားပြီးလည်းဖြစ်ကြောင်း၊ လာရောက် လျှောက်ထားခြင်းမရှိသည့် ဈေးခုံ(၃၇)ခုံ အား စည်ပင်သာယာရေးကော်မတီမှ အစည်းအဝေးထိုင်ကာ အကောင်းဆုံးဖြစ်ရန် ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း" ရှင်းလင်းဖြေကြားသည်။

တာချီလိတ်အွန်လိုင်း သတင်းထောက် ကိုဇောင်းမှ "ဈေးဆိုင်ခန်းများအား ကြိုတင်ရောင်းချထားခြင်း ရှိ/မရှိနှင့် အကယ်၍ ဈေးဆိုင်ခန်းပြဿနာများသည် ဈေးဖွင့်လှစ်ပြီးစီးသည်အထိ ပြီးစီးခြင်း ရှိနိုင်/မရှိနိုင်အား" မေးမြန်းသည်။

စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်မှ“ တာချီလိတ်မြို့မဈေးအား တာဝန်ယူ ဆောက်လုပ်သည့် “မင်းခေတ်သစ်”ကုမ္ပဏီနှင့် လုပ်ငန်းသဘောတူ စာချုပ်အရ ဈေးဆိုင်ခန်းများအား ကုမ္ပဏီ၏ အဆိုပြုဈေးနှုန်းဖြင့်သာ လွတ်လပ်စွာ ရောင်းချခွင့်ပြုရန်ဟု တင်ပြထားသော်လည်း ကော်မတီအနေနှင့် ရောင်းချခွင့် မပေးထားကြောင်း၊ စာချုပ်ပါ အတိုင်း ဆောက်လုပ်ရမည်ဖြစ်ပြီး ပြန်လည် မွမ်းမံတည်ဆောက်လိုပါက ပြည်နယ်အစိုးရအား တင်ပြတောင်းဆိုပြီး ခွင့်ပြုချက်ရမှာသာ တည်ဆောက်ခွင့် ပေးမှာဖြစ်ကြောင်း၊ စာချုပ်ပါအတိုင်း LF 44 ပျံကျဈေးဆိုင်ခန်းများမှာ (၁၃၆)ခန်းရှိကြောင်း မူလတိုင်းပြန်ပေးပြီး ကျန်အခန်းများသာ လွတ်လပ်စွာ ရောင်းချခွင့်ပေးမည် ဖြစ်ကြောင်း” ရှင်းလင်းဖြေကြားသွားသည်။

တာချီလိတ် မြို့မ(၀မ်ကောင်း)ဈေးအား အသစ်ပြန်လည်၍ အဆင့်မြှင့် တည်ဆောက်ခဲ့ရာ ဈေးသစ်အား လာမဲ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့မှာ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရသည်။

ရုပ်သံကြည့်ရန် နှိပ်ပါ

ပျံကျဈေးသည်များနှင့် ပတ်သက်၍ စည်ပင်သာယာရေးကော်မတီမှ သတင်းစာရှင်းလင်း 

( ရုပ်သံ)

သတင်း။  ။ ကိုဇောင်း
ဓါတ်ပုံ။  ။ ဇောင်းညီ

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~