၂၀၁၄ ဒီဇင်ဘာ (၁၁)ရက်နှင့် (၁၂)ရက်နေ့က တြိဂံတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး ဦးဆောင်သော စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိစစ်သည်များ၊ ဦးစီးအရာရှိများနှင့် တာဝန်ရှိသူများ လိုက်ပါသည့် အဖွဲ့သည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာ အုပ်စုအတွင်းရှိ ပါခါး၊ ပါလ၊ အဒီးကျေးရွာများတွင် လှည့်လည် ဆေးကုသပေးလျှက်ရှိသော တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့၏ ဆေးကုသမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများအတွက် ဗဟုသုတ တိုးပွားစေရန် မြ၀တီသတင်းစာ၊ သုတ/ရသ စာအုပ်များနှင့် ကျောင်းသား/သူများအတွက် ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်မတော်နယ်လှည့်ဆေးကုသအဖွဲ့မှ ဒေသခံ တိုင်းရင်းသား (၃၈၀)ဦးအား အခမဲ့ဆေးဝါး ကုသပေးခဲ့ကြောင်းနှင့် လိုအပ်သော ဆေးဝါးများအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ယခုလိုပင် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က/ခ) အုပ်စု အတွင်းရှိ ကျေးရွာများသို့ ဒီဇင်ဘာလအတွင်း အခမဲ့ဆေးဝါး ကုသမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း လည်း သိရသည်။
ဒေသခံတိုင်းရင်းသားများ အနေနှင့် လိုအပ်နေသော ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဗဟုသုတ တိုးပွားစေရန် စာအုပ်စာစောင်များကို ယခုလို ထောက်ပံ့ ပေးအပ်လှူဒါန်းပေးခြင်းကြောင့် ၎င်းတို့အနေဖြင့် ၀မ်းမြောက် ၊၀မ်းသာဖြင့် ကျေးဇူးတင်ရှိကြောင်းသိရှိရသည်။