မြို့နယ်သတင်းစာ ဆရာများ အသင်း တာချီလိတ်၌ ဖွဲ့စည်း

မြို့နယ်သတင်းစာ ဆရာများ အသင်း တာချီလိတ်၌ ဖွဲ့စည်း
ဒီဇင်ဘာ 16, 2014
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေး ၊ စီးပွားရေး ကဏ္ဍများ မှန်ကန်တိကျစွာ သတင်းထုတ်ပြန်နိုင်ရေး၊ သတင်းစာကျင့်ဝတ်နှင့်အညီ သန့်ရှင်းမျှတ  သည့် သတင်းများ ရေးသားဖော်ပြနိုင်ရေး၊ သတင်းမီဒီယာသမားများ၏  လူမှုရေး ကဏ္ဍများ ကူညီ ဆောင်ရွက်ပေးနိုင်ရေးနှင့် သတင်းမီဒီယာများ စာရင်းပြုစုထားနိုင်ရေးတို့အတွက် မြို့နယ်သတင်းစာ ဆရာများအသင်း  ဖွဲ့စည်းနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့ ဒီဇင်ဘာလ (၁၆)ရက်၊ မွန်းလွဲ (၁)နာရီက  မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းမီဒီယာသမားများ အနေဖြင့် ပြည်သူအကျိုးပြု မှန်ကန်တိကျသည့်  သတင်း အချက်အလက်များ တိကျစွာရေးသားဖော်ပြနိုင်ရေး နှင့် အခြားဒေသမှ သတင်းမီဒီယာများ မမှန်မကန် ရေးသား ဖော်ပြမှု လျော့နည်းစေရေး ၀ိုင်းဝန်းဆောင်ရွက်နိုင်ရန်   မြို့နယ်သတင်းစာ ဆရာများအဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျှင် သင့်လျော်ကြောင်း၊ ယင်းအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လိုသူများလည်း လာရောက်လျှောက်ထားမှုအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လက်ခံဆောင်ရွက်ခြင်းတို့   ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍  ဦးအောင်ဖြိုးရှိန်(မြန်မာ့အလင်း) ၊ စာရေးဆရာ ဝေယံလင်း၊ ဦးဇော်အောင် (တာချီလိတ်အွန်လိုင်း)၊ ဦးထွန်းသန်း(ကြေးမုံ) ၊ ဦးထွန်းထွန်းဝင်း(မှုခင်းရှုထောင့်)၊ ဦးလှမြင့် (မြ၀တီ)တို့က  ဒေသဖွံ့ဖြိုးရေးအတွက် သတင်းမီဒီယာဖြင့် ၀ိုင်းဝန်းဆောင်ရွက်ရေး၊ သတင်းစာဆရာ အသင်းဖွဲ့စည်းရေးအတွက် ညှိနှိုင်းဆွေးနွေးရာ မြို့နယ်အသင်းဥက္ကဋ္ဌ အဖြစ် ဦးအောင်ဖြိုးရှိန် (မြန်မာ့အလင်း)အားလည်းကောင်း၊  ဦးဇော်အောင် (တာချီလိတ်အွန်လိုင်း)အား အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ စာရေးဆရာ ဝေယံလင်း အား ဘဏ္ဍာရေးမှူးအဖြစ် လည်းကောင်း၊ ဦးထွန်းသန်း (ကြေးမုံ)အား စာရင်းစစ် အဖြစ်လည်းကောင်း၊ ဦးထွန်းထွန်းဝင်း (မှုခင်းရှုထောင့်)အား ပြန်ကြားရေးမှူး
အဖြစ်လည်းကောင်း၊  ဦးလှမြင့်(မြ၀တီ)၊ ဦးယာဆေး၊ ဦးရှောလမွန် (မိုင်းဖြတ်)၊ ဦးစိုင်းအောင်ဇော်လင်း (မိုင်းယောင်း)တို့အား အဖွဲ့ဝင်များအဖြစ် လည်းကောင်း  တက်ရောက်သူများ၏ ဆန္ဒဖြင့် ဖွဲ့စည်းခဲ့ကြသည်။

အဆိုပါ  မြို့နယ်သတင်းစာဆရာများအသင်းကို စတင်ဖွဲ့စည်းသည့် ယနေ့ ဒီဇင်ဘာလ(၁၆)ရက် နေ့လည်(၁)နာရီ အချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း မှ
ရန်ပုံငွေအဖြစ် ဘတ် တစ်သောင်း အား မတည်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

သတင်း  ။ ဝေယံလင်း

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~