ထိုင်း - မြန်မာ နယ်စပ်ဒေသ ထွက်ပေါက်ဖြစ်သည့် တာချီလိတ် - မယ်ဆိုင်ရှိ အမှတ်(၁) ချစ်ကြည်ရေး တံတားအား အများပြည်သူများ ကျန်းမာရေး၊ လူမှုရေး စသည့် ကိစ္စများတွင် အဆင်ပြေစေရန် အတွက် တံတားဖွင့်လှစ်ချိန်ကို ထိုင်းဘက်မှ စတင်၍ မြန်မာစံတော်ချိန်ဖြင့် နံနက်(၆)နာရီမှ ည(၁၁း၃၀)နာရီ အချိန်ထိ တိုးမြှင့် ဖွင့်လှစ်ရေး ကိစ္စအား တောင်းဆိုလာသည်ကို နိုင်ငံတော်သမ္မတက တာချီလိတ်ရှိ ဒေသခံ ပြည်သူများနှင့် မြန်မာနိုင်ငံသားများ၏ အကျိုးကို ရှေ့ရှု၍ နံနက် (၆)နာရီမှ ည(၈း၃၀)နာရီ အချိန်ထိ တိုးမြှင့်ဖွင့်လှစ်ရန် ခွင့်ပြုခဲ့သော်လည်း ထိုင်းဘက်မှ ၎င်းတို့၏ နိုင်ငံရေး အပြောင်းအလဲအရ သော်လည်းကောင်း၊ ခွင့်ပြုချက် မရသေးသည့်အတွက် သော်လည်းကောင်း စသည့် အကြောင်း အမျိုးမျိုးကြောင့် ထိုင်းမီဒီယာနှင့် မြန်မာဘက်မှ ကြေညာထားသည်ဖြစ်သော ၂၀၁၄ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့မှစ၍ ချစ်ကြည်ရေး အမှတ်(၁)တံတားအား ညဘက်တိုးမြှင့် ဖွင့်လှစ်မည့် ကိစ္စမှာ လတ်တလောတွင် အဆင်သင့် မဖြစ်သေး၍ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ယခုလို ပြည်သူလူထုအကြား အသိပေးကြေညာထားသည် ဖြစ်သော ဒီဇင်ဘာလ (၁)ရက်နေ့တွင် ညဘက် တံတားအား အချိန်တိုးမြှင့်ဖွင့်လှစ်ရန် ကိစ္စနှင့်ပတ်သက်၍ မြန်မာဘက်မှ တရားဝင် ခွင့်ပြုချက် ရရှိထားသည်နှင့်အညီ ထိုင်းဘက် တာဝန်ရှိများမှလည်း တရားဝင် ခွင့်ပြုချက် လက်မှတ်ရရှိရေးကို ပြည်ထဲရေး ၀န်ကြီးဌာနသို့ တင်ပြရန်အတွက် ဆောင်ရွက်ရာ ကြားခံဖြစ်သည့် ဥပဒေရေးရာ ကော်မတီ က ဖတ်ကြားစိစစ်ပြီးမှ ပြည်ထဲရေးဝန်ကြီးဌာနကို ရောက်ရှိမှာဖြစ်သည့်အတွက် စောင့်ဆိုင်း နေရတာဖြစ်ကြောင်း သိရသည်။
ထိုင်း - မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတား ညဘက်ဖွင့်လှစ်ရေးကို အလွတ်သဘောအရအနေဖြင့် နှစ်ဖက် သဘောတူညီမှု ရရှိထားသည့်အပြင် မြန်မာဘက် မှ ၎င်းကိစ္စနှင့် ပတ်သက်၍ TBC မြန်မာဘက် မှ တစ်ဆင့် အဆင်သင့်ဖြစ်ကြောင်း အကြောင်းပြန်ကြားပြီး ဖြစ်သည့်အတွက် ထိုင်းအစိုးရဘက်မှ လုပ်ထုံးလုပ်နည်းအရ အခိုင်အမာဖြစ်ရေးတို့ကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အား စောင့်ဆိုင်းနေရသည့်အတွက် လတ်တလောမှာ ညဘက် တံတားဖွင့်လှစ်နိုင်ရေးကို အကောင်အထည် မဖော်နိုင်သေးတာ ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ(၁)ရက်နေ့မှာ ကြေငြာထားသည့်အတိုင်း ညဘက်တိုးမြှင့်၍ တံတား ဖွင့်လှစ်နိုင်ခြင်း မရှိပေမဲ့ လာမည့် ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့က စတင်ပြီး ညဘက်တိုးမြှင့်၍ ဖွင့်လှစ်နိုင်ခြေရှိကြောင်း မြန်မာဘက် TBC မှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
ညဘက် တံတားဖွင့်ချိန် တိုးမြှင့်ရေးကိစ္စကို ထိုင်းဘက်က စတင်၍ တောင်းဆိုခဲ့ပြီး နိုင်ငံတော်သမ္မတက ခွင့်ပြုပေးခဲ့သော်လည်း ၂၀၁၄ခုနှစ် အစမှစ၍ ယခု ဒီဇင်ဘာလအထိ ထိုင်းဘက်မှ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ဒီဇင်ဘာလ (၁)ရက်နေ့တွင် တံတားဖွင့်လှစ်မည် ဖြစ်ကြောင်းကိစ္စကို မြန်မာဘက်တွင်မကဘဲ ထိုင်းနိုင်ငံ ချင်းရိုင်းသတင်းဌာန နှင့် မယ်ဆိုင်မြို့ သတင်းဌာနတို့တွင်လည်း အသိပေးကြေညာထားသည့်အပြင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ထိုင်းနိုင်ငံသားများနှင့် တာချီလိတ်မြို့ရှိ ဒေသခံ ပြည်သူများမှလည်း ညဘက် တံတားဖွင့်လှစ်မည့် အကြောင်းကို သတင်းများဖတ်ရှု၍ သိရှိရပြီး ၀မ်းသာနေခဲ့ကြောင်း သိရှိရသည်။
သတင်း ။ ။ ကိုဇောင်း