ရဲတပ်ဖွဲ့မှ မှုခင်းလျော့ပါးရေး ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း အသိပညာပေး

ရဲတပ်ဖွဲ့မှ မှုခင်းလျော့ပါးရေး ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း အသိပညာပေး
ဒီဇင်ဘာ 2, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ် အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာများအလိုက် လုံခြုံရေးနှင့် ဒုစရိုက်မှုများ၊ မှုခင်းလျော့ပါးရေးတို့ အတွက် တာချီလိတ်မြို့မ စခန်းမှူး ဒုရဲမှူးကျော်သန်း ဦးဆောင်သည့် အဖွဲ့မှ မှုခင်းပိုင်းဆိုင်ရာ အသိပညာပေးဟောပြောမှုကို ယနေ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ(၂)ရက်နေ့  နံနက် (၉း၁၅)နာရီမှ (၁၀း၁၅)နာရီ အချိန်ထိ  ဆန်ဆိုင်း(က)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောမှုတွင် တာချီလိတ်မြို့မ စခန်းမှူး ဒုရဲမှူးကျော်သန်းက ရပ်ကွက်နေ ပြည်သူလူထုနှင့် တွေ့ဆုံ၍ ဆွေးနွေးဟောပြောရာ၌ တာချီလိတ်မြို့ပေါ်တွင် ဖြစ်ပွားခဲ့သော မှုခင်းပိုင်း ဆိုင်ရာ အကြောင်းအရာများ၊ ဒုစရိုက်နှိမ်နင်းရေး ကိစ္စရပ်များနှင့် ရဲနှင့်ပြည်သူ လက်တွဲကူညီနိုင်ရေးအပြင် တာချီလိတ်မြို့နယ်အတွင်း အမှုဖွင့်အရေးယူပြီးခဲ့သော ဒုစရိုက်မှုများအကြောင်း စသည်တို့ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဆန်ဆိုင်း(က)ရပ်ကွက်မှ ပြည်သူစစ် ဦးကျော်စိုး က ရပ်ကွက်အတွင်း မှုခင်းလျော့ပါးရေးနှင့် စပ်လျဉ်း၍ အရက်သေစာ သောက်စားကာ ရမ်းကားနေသည့် အမူးသမားများကို ထိန်းရသည်မှာ အခက်အခဲဖြစ်ကြောင်း ၎င်းတို့ကို မလေးမစား ပြန်လည်ဆက်ဆံပြီး ရန်မှုကြောင်း ထို့အတွက် အခက်အခဲဖြစ်ကြောင်း ပြောဆို တင်ပြသည်။

ဆက်လက်၍ ဆန်ဆိုင်း(က)ရက်ကွက်အတွင်းရှိ ပြည်သူတစ်ဦးကလည်း လူငယ်များ အုပ်စုဖွဲ့ရန်ဖြစ်မှုကို တားဆီးပေးရန် နှင့် လူငယ်များ ကော်ရှုနေမှုများကို ၀ိုင်းဝန်းတားမြစ်ပေးနိုင်ရေးကို တင်ပြလာသည်။

ထိုသို့ တင်ပြလာမှုကို စခန်းမှူး ဒုရဲမှူးကျော်သန်းက လမ်းဘေး၌ ရမ်းကားနေသူများ အား ထိန်းသိမ်း ဖမ်းဆီးရာ၌ ပြန်လည်ခုခံလျှင် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း နှင့် ကော်ရှုသည့် ကိစ္စနှင့်ပတ်သက်၍ ကော်ရှုမှုကို အရေးယူနိုင်သည့် ဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိသေးသည့်အတွက် အရေးယူ၍ မရသေးသော်လည်း  (၂၄)နာရီအတွင်း ထိန်းသိမ်းထားနိုင်ကြောင်း စသည်ဖြင့် ပြန်လည် ဖြေကြားသည်။

တာချီလိတ်မြို့နယ် အတွင်း ဒုစရိုက်မှုများ ကင်းစင်နိုင်ရေးကို ရှေ့ပြေး လုပ်ငန်းစဉ်အဖြစ် မှုခင်းလျော့ပါးရေး အသိပညာပေးမှုများ ရဲတပ်ဖွဲ့မှ ရပ်ကွက်ဒေသများ အလိုက် အသိပညာပေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။  ။ ဇောင်းညီ

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~