စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့ဖြင့် အခမဲ့ ဆေးဝါးကုသပေး

စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့ဖြင့် အခမဲ့ ဆေးဝါးကုသပေး
ဒီဇင်ဘာ 24, 2014
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလုကျေးရွာသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး နှင့် တာချီလိတ်ခရိုင် လ၀ကမှူး ဒုတိယညွန်ကြားရေးမှူး ဦးကျော်စွာလွင်တို့ ဦးဆောင်သည့် အဖွဲ့သည် ဒီဇင်ဘာလ (၂၁)ရက်နေ့က ဒေသခံ တိုင်းရင်းသားများ၏ ကျန်းမာရေး နှင့် အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင် စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးကိစ္စရပ်များနှင့် ပတ်သက်၍ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး ဦးဆောင်သည့် တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့မှ အဆိုပါ ကျေးရွာရှိ အမျိုးသား (၁၀၀)ဦး၊ အမျိုးသမီး (၅၀)ဦး နှင့် ကလေးသူငယ်(၂၀)ဦးတို့ကို  အခမဲ့ ဆေးဝါးကုသပေးခြင်း၊ ဆေးဝါးထောက်ပံ့ ပေးအပ်ခြင်းများဖြင့် လူမှုအကျိုးပြုလုပ်ငန်းများကို အခမဲ့ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ ခရိုင်လ၀ကမှူး ဦးစီးသည့် အဖွဲ့က မိုးပွင့်အဆင့် (၇)စီမံချက်ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စု ဇယားများပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ကြပြီး အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် ဌာနဆိုင်ရာများမှ ဒေသဆိုင်ရာ လုပ်ငန်းများ အထောက်အကူပြုစေရန် ကြိုတင်ဆောင်ရွက်ပေးနိုင်မည့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ယခုလို လုပ်ငန်းစဉ်မျိုးကို ဆက်လက်၍လည်း တာချီလိတ်ခရိုင်အတွင်းရှိ ကျေးရွာများတွင် ကျန်းမာရေး၊ မှတ်ပုံတင်ရရှိရေး နှင့် လူမှုအကျိုးပြုလုပ်ငန်းများအဖြစ်  ဆက်လက်လုပ်ဆောင်သွားရန် အစီအစဉ် ရှိကြောင်းလည်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~ ကြော်ငြာ ~~~~~~~~~