၂၀၁၄ ဒီဇင်ဘာလ (၁၂)ရက်၊ နေ့လယ်ပိုင်းတွင် တာချီလိတ်မြို့နယ်၊ မကာဟိုခမ်းရပ်ကွက်ရှိ NLD ရုံးတွင် ပျံကျဈေးခုံ (၈၆)ခုံ ကိုယ်စားလှယ်များအား ပျံကျခုံတန်းနှင့် ပတ်သက်၍ နေရာချထားမှု အဆင်မပြေ ဖြစ်နေသည့်အပေါ် ဈေးသူ၊ ဈေးသားများအား လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ လူအခွင့်အရေး ဆိုင်ရာ အကြံဥာဏ်များ ပေးခဲ့ကြောင်းသိရသည်။
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဦးမောင်မောင်လေးက“ဈေးသူ၊ ဈေးသားများ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရခြင်းဖြစ်ကြောင်း၊ ဈေးသူ/သားများအနေနှင့် လူအခွင့်အရေး ကြေညာစာတမ်းပါ အပိုဒ်(၁၇)အရ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ရှိကြောင်း ၎င်းတို့အနေနှင့် စည်ပင်သာယာသို့ ဈေးဆိုင်ခန်းများအား အခွန်ပေးဆောင်၍ ပိုင်ဆိုင်ထားသော ဈေးဆိုင်ခန်းများဖြစ်ကြောင်း ထို့ကြောင့် ပိုင်ဆိုင်ခွင့်ရှိကြောင်း၊ ဥပဒေအရ ၎င်းတို့ပိုင်ဆိုင်ထားသော ဈေးဆိုင်ခန်းများအား ပိုင်ဆိုင်ခွင့်ရှိခြင်းမှ ယခုလက်ရှိတွင် မူလဈေးဆိုင်ခန်းများအား ပြန်လည်မရရှိခြင်းနှင့် ပြင်ပသို့ ရောင်းချနေမှုများသည် ဥပဒေအရ အကာကွယ်မဲ့နေခြင်းဖြစ်ကြောင်း..” တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
ဝမ်ကောင်းဈေးသစ်တွင် အပြည့်အ၀ နေရာပြန်လည်ရရှိခြင်း မရှိဟုဆိုသော ဈေးဆိုင်ခန်း(၈၆)ခန်းမှ ဈေးသည် ဦးလှခင်က “ကျွန်တော်တို့ မူလ ပျံကျလို့ဆိုတဲ့ ပြင်ပဈေးဆိုင်ခန်းတွေကို အခု တည်ဆောက်တဲ့ ဈေးသစ်ရဲ့ အတွင်းစည်းထဲ ထည့်သွင်းလိုက်ပြီး ယခင်ပြင်ပ ပျံကျဈေးသည်တွေကို နေရာအပြည့်အ၀ ပြန်လည်မပေးခြင်းဖြစ်တယ်၊ ကျွန်တော်တို့ကို ရက်သတ္တပါတ် (၂)ပတ် (၁၄)ရက်အချိန်ပေးပြီး ကျန်ရှိနေသေးတဲ့ ဈေးဆိုင်ခန်းတွေကို လာရောက်ထုတ်ယူဖို့ မြို့နယ် စည်ပင်သာယာရေးကော်မတီက အကြောင်းကြားခဲ့ပါတယ်။ တကယ်လို့ လာရောက် မထုတ်ယူရင် နိုင်ငံတော်မှ သိမ်းဆည်းမည်လို့ အကြောင်းကြားခဲ့ပါတယ်၊ ဈေးဆိုင်ခန်းနေရာချထားမှု မပြေလည်မှု အတွက် ဒီဇင်ဘာ(၅)ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်၊ ဒါပေမယ့်ကျွန်တော်တို့ ဈေးသူ/သားတွေကို မဖိတ်ဘူး၊ ဈေးသစ်ကြီးရဲ့ အပေါ်ဆုံးအထပ်မှာ ဂိမ်းခုံတွေ၊ ကလေးကစားကွင်းတွေ တည်ဆောက်မယ်လို့ပြောတယ် ဒီလိုဆိုရင် ကျွန်တော်တို့ ဈေးသူ/သားတွေ လုံခြုံမှု မရှိနိုင်ဘူး၊ သူတို့က လူတစ်ဦး ဆိုင်ခန်းတစ်ခန်းနှုန်းလို့ ပြောတယ်၊ ဒါဆိုအတွင်းဖက်က လူတစ်ဦးကို ဆိုင်ခန်း (၄)ခန်းလောက် ယူထားတာတွေရော၊ ကျွန်တော်တို့လဲ ဈေးသူ/သားတွေပါ ကျွန်တော်တို့ကျတော့ တန်းတူ အခွင့်အရေးမပေးဘူး”ဟု ပြောလာသည်။
ဈေးသူ၊ ဈေးသားများမှ ဆိုင်ခန်းကိစ္စများ မကြေမလည်ဖြစ်နေမှုများအား ပြည်သူလွှတ်တော် ဒေါ်စန္ဒာမင်းမှ ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်မပြမေးခွန်းဖြင့် မေးမြန်းထားကြောင်း သိရှိရပြီး လွှတ်တော်မှ အကြောင်းပြန်ကြားချက် တစ်စုံတစ်ရာမရရှိသေးကြောင်း ဈေးသူ/သားများ အနေနှင့် ဇန်န၀ါရီ(၄)ရက်နေ့ ဈေးသစ်မဖွင့်ခင် မိမိတို့၏ ဆိုင်ခန်းနေရာချထားမှု အဆင်မပြေမူများ အပေါ် ကျေနပ်သည့်ဖြေရှင်းမှု တစ်စုံတစ်ရာမရှိပါက ဒီဇင်ဘာ (၂၅)ရက်နေ့ ပတ်ဝန်းကျင်တွင် ဆန္ဒပြ သပိတ်စခန်းဖွင့်ရန် အစီအစဉ်များရှိကြောင်း၊ ယခင်အကြိမ်များတွင်လည်း ဆန္ဒပြရန် မြို့နယ်ရဲတပ်ဖွဲ့မှူးသို့ အကြောင်းကြားခဲ့သော်လည်း၊ ဈေးသူ/သားများအနေနှင့် စည်ပင်သာယာရေးကော်မတီသို့ အဆင်ပြေလည်အောင် ညှိနှိုင်းရန်သာ ပြောဆိုခဲ့ပြီး ဆန္ဒပြဖြစ်ခဲ့ခြင်း မရှိကြောင်း၊ ယခုအခေါက်တွင် မိမိတို့အနေနှင့် ဆန္ဒပြယုံတင်မက သပိတ်စခန်းပါဖွင့်လှစ်မည်ဖြစ်ကြောင်း ပျံကျဈေးခုံတန်း ကိုယ်စားလှယ်များက ပြောလာကြသည်။
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဦးမောင်မောင်လေးက ဆန္ဒပြမှုနှင့် ပတ်သတ်ပြီး “ဒါလူ့အခွင့်အရေးအရ ငြိမ်း၊ စု၊ ဝေးလုပ်တာ လုပ်ခွင့်ရှိပါတယ်၊ ဒါပေမယ့် ဒီအပေါ်မှာ ဥပဒေအရ အကာအကွယ်ရအောင် ဥပဒေအတိုင်းပြုလုပ်ဖို့တော့လိုတယ် စည်းကမ်းသတ်မှတ်ချက်တွေရှိပြီးသားပါ ဒါတွေကိုတော့ လေးစားလိုက်နာဖို့လိုတယ်”ဟု ပြောဆိုသွားသည်။
သတင်း ။ ။ မင်းသုတ
ဓါတ်ပုံ ။ ။ ဇောင်းညီ