ပြည်နယ် လူမှုရေးဝန်ကြီး နှင့် အဖွဲ့မှ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း ကျန်းမာရေး နှင့် ပညာရေး ပူးပေါင်း ဖြည့်ဆည်းပေး

ပြည်နယ် လူမှုရေးဝန်ကြီး နှင့် အဖွဲ့မှ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း ကျန်းမာရေး နှင့် ပညာရေး ပူးပေါင်း ဖြည့်ဆည်းပေး
ဒီဇင်ဘာ 12, 2014
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် အတွင်းရှိ မိုင်းဖုန်း(ခ)ကျေးရွာ အုပ်စုအတွင်းသို့ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ပါဝင်သည့် အဖွဲ့သည် ယနေ့ ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် ဆေးဝါးအခမဲ့ ကုသခြင်း နှင့် ပညာရေးထောက်ပံ့ပေးခြင်း စသည်တို့ဖြင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် အဖွဲ့သည် မိုင်းဖုန်း(ခ)ကျေးရွာ အုပ်စုအတွင်းရှိ ဝှေလေလန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း(၁၆)ရွာမှ တိုင်းရင်းသား၊ တိုင်းရင်းသူများကို ခရိုင်ဆရာဝန်ကြီး ဒေါက်တာ မျိုးမင်း နှင့် အထူးကုဆရာဝန်များ၊ သူနာပြုများမှ အခမဲ့ ဆေးကုသပေးနေသည့်အပေါ် သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

ကျေးရွာအတွင်း တိုင်းရင်းသား/သူများအား ဆေးဝါးကုသပေးနိုင်ရန်အတွက် ပြည်နယ် လူမှုရေးဝန်ကြီး၏ ကျေးလက်၊ လူမှု၊ စီးပွား ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် သော်လည်းကောင်း၊  ကျန်းမာရေးစောင့်ရှောက်မှု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၏ တင်ပြမှု သော်လည်းကောင်း၊ ခရိုင်ဆရာဝန်နှင့် အထူးကု ဆရာဝန်များ၊ သူနာပြုများ၏ ပူးပေါင်းမှုဖြင့် မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု အတွင်းရှိ   ဟွေယုန်း(ရွာဟောင်း/ရွာသစ်)၊ ပါလိုင်(ရွာဟောင်း/သစ်)၊ နမ့်လွတ်(အာခါရွာ)၊ နမ့်လွတ်ရှမ်း(ရွာဟောင်း/သစ်)၊ ဝှေလေလန် (အာခါ)၊ ဟွေလု၊ ဖတ်ဟိ(အာခါ)၊ ၀မ်ဆောက်ခုံ( အာခါ) ရွာ ၊ ၀မ်ဆောက်ခုံ ရှမ်း(ရွာသစ်/ဟောင်း) ဆွတ်ဆိုင်၊ ဝှေလေလန် စသည့် ကျေးရွာများမှ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ စသည့် ကျေးရွာသူ၊ ကျေးရွာသား တိုင်းရင်းသားများကို ဆေးဝါးကုသပေးခြင်း၊ ဆေးဝါးထောက်ပံ့ပေးခြင်းများကို စေတနာဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကျန်းမာရေး အစီအစဉ်ပြီးသည့်နောက်မှာ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် ပညာရေး ကဏ္ဍအဖြစ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်းရှိ ဝှေလေလန်(မူလွန်)၊ ၀မ်ဆောက်ခုံ(မူလတန်း)၊ ၀မ်မိုင်(၁) နမ့်လွတ်(ရှမ်းရွာ)မူလတန်းကျောင်း နှင့် နမ့်လုတ်(အာခါရွာ)မူလတန်းကျောင်းတို့ သွားရောက်ကာ လိုအပ်သည့် ဖြည့်ဆည်းဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လို့ရမည့် ကိစ္စရပ်များအား ဆောင်ရွက်ပေးနိုင်ရန်အတွက် လိုက်လံ ကြည့်ရှုခဲ့ကြသည်။

ထိုသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်မှုများနှင့် ပတ်သက်၍ တာချီလိတ်အွန်လိုင်းမှ သိလိုသည့် ကိစ္စရပ်များကို ပြည်နယ် လူမှုရေးဝန်ကြီးအား မေးမြန်းရာ "အဓိက ကတော့ ဒီရွာမှာရှိတဲ့ ပြည်သူလူထုတွေ အထူးကုဆရာဝန်တွေနဲ့ ကုသခွင့်ရဖို့ကို ကျေးလက်၊ လူမှု၊ စီးပွား ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ် အောက်ကနေ လုပ်ပေးတာဖြစ်ပါတယ်၊ အဲ့လိုလာလုပ်ပေးရင်းနဲ့ ဝှေလေလန် မူလတန်းလွန်ကျောင်းရယ်၊ ၀မ်ဆောက်ခုံ(အမက)ကျောင်းရယ်၊ ၀မ်မိုင်(၁)ကျောင်းရယ် နမ့်လွတ်(အမက) ကျောင်း(၄)ကျောင်းကို ကွင်းဆင်းပြီးတော့ စစ်ဆေးတဲ့ အနေအထားဖြစ်ပါတယ်၊ အဲ့လို စစ်ဆေးတဲ့အခါမှာ ကျောင်းတွေကတော့ ကိုယ်ထူကိုယ်ထ ဆောက်ထားတဲ့ ကျောင်းတွေလိုပုံစံမျိုးတွေ့ရတဲ့အတွက် မျက်နှာကျက် မရှိတဲ့ဟာလေးတွေ ၊ အခန်းကန့်ဖို့ လိုတဲ့ဟာလေးတွေကို အမှတ်(၂) အခြေခံ ပညာဦးစီးဌာနကို တင်ပြပြီးတော့ ဒါလေးတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"ဟု ဖြေကြားသည်။

တဆက်တည်းမှာပင် "နောက်တစ်ခုက လိုအပ်နေတဲ့ ခုံလေးတွေကိုတော့ ပြည်နယ်အစိုးရ အစီအစဉ်နဲ့ ဒီမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပေါင်းပြီးတော့ ဖြည့်ဆည်းပေးသွားမဲ့ အနေအထားဖြစ်ပါတယ်၊ ၀မ်ဆောက်ခုံနဲ့ ၀မ်မိုင်(၁)ကိုတော့ ဘဏ္ဍာရေးနှစ်မှာ (၆၀)ပေ (၃၀)ပေ RC တစ်ထပ် အဆောက် အဦလေးတွေကို ၂၀၁၆-၂၀၁၇ လောက် ထည့်ပြီးတော့ ဆွဲပေးသွားမှာ ဖြစ်ပါတယ်၊ အဲ့ဒီနှစ်တွေ ကျရင်လည်း ကျောင်းသားတွေက များလာမယ်ဆိုတော့ ဒါကတော့ ကျွန်တော်တို့ဘက်က ဖြည့်ဆည်းပေးမဲ့အပိုင်းပေါ့၊ မိဘများဘက်က ဖြည့်ဆည်းပေးဖို့ လိုတာကတော့ ကလေးတွေ ကျောင်းများများ တက်ဖို့ လိုပါတယ်..."ဟု ပြောကြားသွားသည်။

ကွင်းဆင်းဆောင်ရွက်ခဲ့သော ကျောင်း(၄)ကျောင်းအနက် ၀မ်ဆောက်ခုံ (အမက) နှင့် ဝေလေလန် (မူလွန်)တို့တွင် လိုအပ်နေသော စာရေးခုံ (၁၀)စုံစီကို ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း နှင့် မိသားစုက ကျပ်(၆)သိန်းကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းထံတွင် ပေးအပ် လှူဒါန်းခဲ့ရာ အဆိုပါ ကျောင်းများကိုယ်စား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ လက်ခံရယူခဲ့ပြီး ပြန်လည်လှူဒါန်းနိုင်ရန်အတွက် စီစဉ်ထားရှိကြောင်း သိရသည်။

ပြည်နယ် လူမှုရေးဝန်ကြီး၏ တာချီလိတ်ခရီးစဉ်တွင် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍအဖြစ် တာချီလိတ်မြို့နယ်တွင် (၂)ကြိမ်၊ မိုင်းယောင်းမြို့တွင် (၁)ကြိမ် အခမဲ့ ဆေးဝါးကုသပေးမှုအဖြစ် ပြုလုပ်သွားမှာဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ(၁၂)ရက်နေ့၏ အခမဲ့ ဆေးဝါးကုသပေးမှုတွင် မိုင်းဖုန်း(ခ)ကျေးရွာ အုပ်စုအတွင်း၌ ကျား(၉၇)ဦး နှင့် မ (၁၃၄)ဦး အပါအ၀င် ကလေးသူငယ် (၂၉)ဦး စုစုပေါင်း (၂၆၉)ဦးတို့ကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။  ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
ပြည်နယ် လူမှုရေးဝန်ကြီး နှင့် အဖွဲ့မှ မိုင်းဖုန်း(ခ)ကျေးရွာသို့...

44 photos
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~ ကြော်ငြာ ~~~~~~~~~