ကျိုင်းတုံ၌ ဖြစ်ပေါ်ခဲ့သော ရေကန်ကျိုးပေါက်မှု အခြေအနေအား နယ်လုံ ၀န်ကြီးနှင့် အဖွဲ့မှ ကွင်းဆင်းစစ်ဆေး

ကျိုင်းတုံ၌ ဖြစ်ပေါ်ခဲ့သော ရေကန်ကျိုးပေါက်မှု အခြေအနေအား နယ်လုံ ၀န်ကြီးနှင့် အဖွဲ့မှ ကွင်းဆင်းစစ်ဆေး
ဒီဇင်ဘာ 11, 2014
By Tachileik News Agency

ရှမ်းပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူသည် ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ ဒီဇင်ဘာလ (၁၁)ရက် ညနေပိုင်းတွင် ပြီးခဲ့သည့်  ဒီဇင်ဘာလ (၈)ရက်နေ့ ညနေပိုင်းအချိန်က ကျိုင်းတုံမြို့၊ ဟွေခါးရွာ ၀မ်ကောင်းဘူတာ အနီးတွင် ကျိုးပေါက်ခဲ့သော ရေကန်အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ရေကန်ကျိုးပေါက်ရသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဟွေခါးရွာမှ ဦးကျလောက မိုးတွင်းကာလတစ်လျှောက်လုံး ရေကန်အောက်ရှိ လယ်မြေ ဧကများ မပျက်စီးစေရေးအတွက် ရေကန်ကို ကြည့်ရှုစောင့်ထိန်းခဲ့ကြောင်း၊ ရေများလျှော့ချရန် အတွက် ရေပိုက်ဖြင့် ရေထုတ်ခဲ့ကြောင်း၊ ယခု ရေကန်ကျိုးပေါက်သွားသည့် အတွက် ရေ၀ပ်ဧရိယာ မရှိတော့သဖြင့် ရေ၀ပ်လယ်မြေ ဧကများကို ပိုင်ရှင်များမှ ပြန်လည် စိုက်ပျိုးနိုင်တော့မည်ဖြစ်ကြောင်း၊ ကန်အောက်တွင် သဲမြေများ တင်ရှိနေမှုကြောင့် မညီမညာဖြစ်နေသည့် လယ်မြေနေရာများကို စက်ယန္တရားဖြင့် မြေညှိပေးပါက လယ်သမားများ အတွက် အဆင်ပြေမည်ဖြစ်ကြောင်း တင်ပြသည်။

ဦးကျလော၏ တင်ပြချက်အပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက စက်ယန္တရားဖြင့် မြေညှိပေးနိုင်ရေးကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါရေကန်သည် ယခင်က တောင်ကြားတွင် လျှိုကြီးတစ်ခုအဖြစ် သဘာဝအလျောက် တည်ရှိခဲ့ပြီး ဒေသခံပြည်သူများ လယ်စိုက်ပျိုးခဲ့သော နေရာဖြစ်သည်။

ရထားလမ်း ဖောက်လုပ်စဉ်က တူးဖော်ရရှိသော မြေများကို ဖို့ခဲ့သဖြင့် လျှိုမြောင်ပိတ်ကာ ရေကန်သဘော တည်ရှိနေခဲ့ခြင်းဖြစ်ပြီး ရေကန်ဧရိယာမှာ ထုထည် ဧက (၂၃၅)ရှိသလို ရေ၀ပ် ဧရိယာ ထုထည် ဧက (၁၂၀)အထိ လျှော့ချထားပြီးဖြစ်ရာ ယခုကျိုးပေါက်သော ရေဧရိယာ ထုထည် ဧကမှာ (၁၁၅)ဧက ဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ/ သတင်း ။  ။ မောင်ဆွေငြိမ်း

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~