လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန နှင့် Japan International Cooperation Agency ( JICA ) တို့၏ ပူးပေါင်း စီစဉ်မှုဖြင့် လူကုန်ကူးခံရသူများအား ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်ရှင်သန်ရေးဆိုင်ရာ သင်တန်း ဖွင့်ပွဲအား ဒီဇင်ဘာ(၁၇)ရက် နံနက်ပိုင်းက တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ရာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ ၊ တပ်ဖွဲ့စိပ်(၁)မှူး ဒုရဲမှူးရင်ရင်အေး နှင့် အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း (ကျိုင်းတုံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်မြင့် တို့မှ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကြသည်။
အဆိုပါသင်တန်းတွင် အလုပ်သမား အလုပ်အကိုင်နှင့် လူကုန်ကူးမှုကိစ္စရပ်များ ၊ လူကုန်ကူးမှု၏ ပြစ်မှုပြစ်ဒဏ်များ ၊ နယ်စပ်ဆက်ဆံရေး ရုံးများဖွင့်လှစ် ဆောင်ရွက်ခြင်းများအပါအ၀င် ဘာသာရပ်မျိုးစုံအား ဒီဇင်ဘာ(၁၇)ရက်နေ့မှ (၁၉)ရက်နေ့ အထိ သင်ကြားပြသသွားမည်ဖြစ်ကာ သင်တန်းသို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ၊ လူမှုဝန်ထမ်းဦးစီးဌာန ၊ မီးသတ်ဦးစီးဌာနများမှ ၀န်ထမ်းများ ၊ ကြက်ခြေနီ ၊ အမျိုးသမီးရေးရာအဖွဲ့ ၊မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း ၀င်များ ၊ ပရဟိတအသင်းအဖွဲ့များ ၊ ပရဟိတဂေဟာများနှင့် ဟိုတယ်/တည်းခိုခန်းများမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၄၁)ဦးတက်ရောက် သင်ကြားကြကြောင်း သိရှိရသည်။
သတင်း ။ ။ မောင်ယဉ်ကျေး