လာမည့် ဒီဇင်ဘာလ(၁၄)ရက် နှင့် (၁၅)ရက်တို့တွင် မြန်မာနိုင်ငံ၌ ပထမဆုံး ကျင်းပပြုလုပ်မှာဖြစ်ပြီး နိုင်ငံပေါင်း (၁၉)နိုင်ငံမှ မော်တော်ဆိုင်ကယ်ကလပ်များ လာရောက်မှာဖြစ်သည့် Eastern Eagle MC ၏ (၁၀)နှစ်မြောက် အထိမ်းအမှတ် အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲကို ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့နယ် ရှမ်းရိုးမကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ ပွဲတော်သည် နိုင်ငံခြားသားများ လာရောက်ကြမည့်ပွဲဖြစ်သည့်အတွက် ပွဲတော်နှင့် ပတ်သက်၍ စနစ်တကျဖြစ်စေရေး နှင့် လုံခြုံရေး၊ လမ်းစည်းကမ်း စသည့် ကိစ္စရပ်များအတွက် တာချီလိတ်ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ Eastern Eagle MC ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပွဲတော်ကိစ္စရပ်များဖြစ်သည့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ ၂၀၁၄ခုနှစ် ဒီင်္ဇင်ဘာလ(၁)ရက်နေ့ နံနက် (၁၀)နာရီအချိန်က တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်းအဝေးတွင် တာချီလိတ် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ပါဝင်သည့် ခရိုင်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ပါဝင်သည့် မြို့နယ်အဖွဲ့ဝင်များ နှင့် Eastern Eagle MC မှ Bike Week ပွဲ ကျင်းပရေးကော်မတီ ဒု-ဥက္ကဌ ဦးစိုင်းပိန်း၊ အတွင်းရေးမှူး ဦးစိုင်းနော်ခမ်း၊ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းဝင်းလင်းထူး နှင့် အဖွဲ့ဝင်များဖြစ်သည့် ဦးကျော်ဝင်း၊ ဦးစိုင်းဟိန်းလတ်တို့ တွေ့ဆုံ၍ ပွဲတော်နှင့် ပတ်သက်၍ လုံခြုံရေး ထားရှိရန်ကိစ္စ၊ နိုင်ငံခြားသား ၀င်ရောက်ရာတွင် စိစစ်ရေးကိစ္စ၊ ယာဉ်ရပ်နားရေး ကိစ္စနှင့် လမ်းကြောသတ်မှတ်ရေးကိစ္စ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး ကိစ္စ၊ မြန်မာနိုင်ငံ၏ ဂုဏ်ကို မြှင့်တင်ပေးနိုင်ရေးအတွက် စနစ်တကျဖြစ်စေရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးမှုတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ယခု ကျင်းပမည့် ပွဲသည် နိုင်ငံခြားသား တော်တော်များများ လာရောက်ကြမှာ ဖြစ်သည့်အတွက် အောင်မြင်စွာ ချောချော မွေ့မွေ့ဖြစ်စေရေး အတွက် ၀ိုင်းဝန်းကူညီ ဆောင်ရွက်နိုင်ရေး၊ အထူးသဖြင့် နိုင်ငံခြားသားများ ၀င်ရောက်လာမှုကို သေချာ စိစစ်ရေး နှင့် ဟိုတယ်နေရာချထားမှုကို စနစ်တကျ ရှိစေရေး စသည့် ကဏ္ဍအသီးသီးအလိုက် ဆွေးနွေးနိုင်ရန် ကနဦး ပြောဆိုလာသည်။
ဆက်လက်၍ Bike Week ပွဲ ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးစိုင်းနော်ခမ်း က ယခု ကျင်းပပြုလုပ်မည့် ပွဲသည် မိတ်ဆုံစားပွဲဖြစ်ပြီး နိုင်ငံတကာမှ စီးလာမည့် မော်တော်ဆိုင်ကယ်များထဲမှ ရှေးဟောင်းဆိုင်ကယ်များကို ရွေးချယ်ခြင်း နှင့် အလှဆုံး ဆိုင်ကယ်ရွေးချယ်ခြင်းတို့ကို ပြုလုပ်ပြီး ဆုပေးမှာဖြစ်ကြောင်း၊ ဒီဇင်ဘာလ (၁၄)ရက်မှာ Free Show အဖြစ် ဒေသအတွင်းရှိ အဆိုတော် များဖြင့် ကျင်းပသွားမှာဖြစ်ပြီး ဒီဇင်ဘာလ (၁၅)ရက်နေ့မှာ ထိုင်းနိုင်ငံမှ အဆိုတော်ဖြစ်သည့် ကရာဘောင်း နှင့်အဖွဲ့၊ မြန်မာနိုင်ငံမှ ဇော်ဝင်းထွဋ်နှင့် အဖွဲ့တို့ဖြင့် ဖျော်ဖြေမှာဖြစ်သည့်အပြင် တိုင်းရင်းသားယဉ်ကျေးမှု အကများလည်း ထည့်သွင်းထားကြောင်း အပြင် အဆိုပါ ပွဲကို အမေရိကန် နိုင်ငံ အပါအ၀င် နိုင်ငံပေါင်း (၁၉)နိုင်ငံမှ နိုင်ငံခြားသား မော်တော်ဆိုင်ကယ် ကလပ်များ လာရောက်ကြမှာဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ထိုသို့ တင်ပြလာမှုကို လုံခြုံရေးနှင့် ပတ်သက်သည့် ရဲတပ်ဖွဲ့မှ လည်းကောင်း၊ နိုင်ငံခြားသား ၀င်ရောက်သည့် ကိစ္စနှင့် ပတ်သက်၍ လ၀က မှ လည်းကောင်း၊ ပွဲတော်အတွင်း ဆိုင်ခန်းများနှင့် ပတ်သက်၍ စည်ပင်သာယာရေးမှ လည်းကောင်း၊ ပွဲတော် အပြင်အဆင်အတွက် သယ်ယူရေးနှင့် ကုန်ပစ္စည်းများနှင့် ပတ်သက်၍ အကောက်ခွန်မှ လည်းကောင်း၊ ယာဉ်/လမ်း စနစ်တကျ ဖြစ်စေရေး အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လည်းကောင်း၊ ပွဲအတွင်း ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်၍ ခရိုင်ဆရာဝန်မှ လည်းကောင်း စသည့် ကဏ္ဍတစ်ခုချင်းစီ အလိုက် သက်ဆိုင်သည့် ဌာနများက ဆွေးနွေးညှိနှိုင်းကာ ပူးပေါင်းပါဝင် အကြံပြုကြသည်။
အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲကို ဒီဇင်ဘာလ(၁၄)ရက်နေ့မှ Free Show အဖြစ် စီစဉ်ထားရှိပြီး ဒီဇင်ဘာလ(၁၅)ရက်နေ့ ညပိုင်းမှာ စားဝိုင်းများ၊ သီဆို၊ ကပြ၊ ဖျော်ဖြေမှုများ နှင့် ဆိုင်ကယ်အလှများကို ကြည့်ရှုနိုင်ရန်အတွက် Eastern Eagle MC မှ စီစဉ်ထားရှိရာ အဆိုပါ ပွဲသို့ ပြည်ပနိုင်ငံများမှ အပြင် ပြည်တွင်း၌ လတ်တလောတွင် ဖွဲ့စည်းထားရှိသည့် မော်တော်ဆိုင်ကယ် ကလပ်များလည်း လာရောက်ကြမှာဖြစ်ကြောင်း သိရှိရသည်။
သတင်း ။ ။ ကိုဇောင်း