မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တာချီလိတ်အခြေစိုက် Eastern Eagle MC ၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များ တွေ့ဆုံပွဲ ဖြစ်သော 10th Anniversary of International Bike Week အား ဒီဇင်ဘာ(၁၄)ရက်နှင့်(၁၅)ရက်များက တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် စည်ကားသိုက်မြိုက်စွာ
ကျင်းပပြုလုပ်ခဲ့ရာအာဆီယံနိုင်ငံများနှင့် အမေရိကန် ၊ ဗြိတိန် ၊ နော်ဝေး ၊ ဂျာမနီ ၊ အီတလီ၊ ပြင်သစ်၊ ဆွီဒင်၊ ကနေဒါ နှင့် ဆွစ်ဇာလန် နိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း(၂၀) ကျော်မှ မော်တော်ဆိုင်ကယ် ချစ်မြတ်နိုးသူ (Biker ) များ တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။
"ကျွန်တော်တို့က ဂျာမနီနိုင်ငံကပါ ၊ မြန်မာနိုင်ငံဟာ သဘာဝရေမြေ တောတောင်တွေနဲ့ အရမ်းကို သာယာလှပတဲ့ နိုင်ငံတစ်ခုဆိုတာ ကြားဖူးနေတာကြာပါပြီ၊ အရမ်းကိုလာချင်ခဲ့တာပါ၊ အခုတော့ ကျွန်တော့်ဆန္ဒတွေ ပြည့်ဝပါပြီ ၊ အခုကျွန်တော်တို့အဖွဲ့ ပြင်ဦးလွင် - ပုဂံ ညောင်ဦး - တောင်ကြီးက တဆင့်ဒီပွဲကို တပျော်တပါး လာရောက်ကြတာပါ ၊ ရှမ်း - အာခါ - လားဟူ တိုင်းရင်းသားတွေရဲ့
ရိုးသား ဖော်ရွေမှုတွေကို တွေ့ရတဲ့အတွက် အရမ်းကို ပီတိဖြစ်ရပါတယ်.." ဟု ဂျာမနီနိုင်ငံမှ Biker တစ်ဦးမှ ရင်တွင်းခံစားချက်များအား ပြောကြားသွားသည်။
Eastern Eagle MC မှ ပွဲတော်ကျင်းပရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းဟုမ်ဖမှလည်း "ဒီပွဲဟာ ကျွန်တော်တို့ Eastern Eagle MC ရဲ့ (၁၀)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် ဖြစ်သလို ကျွန်တော်တို့နိုင်ငံရဲ့ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ဖို့ရယ်၊ နိုင်ငံတကာက ဧည့်သည်တွေ မြန်မာ့ယဉ်ကျေးမှု အထူးသဖြင့် တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို လေ့လာနိုင်အောင်လို့ ရည်ရွယ်တာပါ ၊
ဒါ့ကြောင့် ဒီပွဲမှာ အာခါ - ရှမ်း - ကချင် စတဲ့ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု လက်ရာ ပစ္စည်း အရောင်းပြခန်းတွေကို ဖွင့်လှစ်ပြသ ရောင်းချပေးလျှက်ရှိသလို ပွဲတော်ရဲ့အကြိုနေ့ဖြစ်တဲ့ ဒီဇင်ဘာ(၁၄) ရက်နေ့မှာ တိုင်းရင်းသားတေးသံရှင်တွေရဲ့ ဂီတဖျော်ဖြေမှု တွေကို ဦးစားပေး တင်ဆက် သွားတာဖြစ်ပါတယ် ၊ တာချီလိတ်မြို့ အနေနဲ့ကော မြန်မာနိုင်ငံရဲ့အနေနဲ့ကော ပထမဆုံးအကြိမ် စည်စည်ကားကား ကျင်းပနိုင်တာမို့ အရမ်းကို ၀မ်းသာပီတိဖြစ်ရပါတယ်.."ဟု ၀မ်းမြောက်စကား ပြောကြားလာသည်။
ပထမနေ့ ဖြစ်သည့် ဒီဇင်ဘာလ (၁၄)ရက်နေ့မှာ ၀င်ကြေးအခမဲ့ဖြင့် ကျင်းပပြုလုပ်ခဲ့ရာမှာ ပွဲတွင်းသို့ လာရောက်၍ ဆိုင်ကယ်များကို ကြည့်ရှုကြသူ အများအပြားရှိနေကြတာကို တွေ့ရှိရသည်။ ပွဲတော်၏ အဓိကနေ့ဖြစ်သော ဒီဇင်ဘာလ (၁၅)ရက် ညနေ (၄)နာရီအချိန်တွင် နိုင်ငံတကာမှ Biker များမှ တာချီလိတ်မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတလျှောက် ဆိုင်ကယ်အလှစီးကာ မြို့တွင်းလှည့်လည် ဂါရ၀ပြုကြရာ မြို့သူမြို့သားများမှလည်း ၀မ်းပန်းတသာ ကြိုဆိုအားပေးကြသည်။
ထို့နောက် ပထမအကြိမ် International Bike Week ဖွင့်ပွဲ အခမ်းအနားတွင် တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီးဇော်နိုင်ဦး ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ Eastern Eagle MC ဥက္ကဌ ဦးစိုင်းဟုမ်ဖ နှင့် တာဝန်ရှိသူများက ပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပွဲသို့ ရောက်ရှိလာသည့် နိုင်ငံတကာမှ Biker များအား "ဒီကနေပြန်သွားပြီး မိတ်ဆွေတို့ရဲ့ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ရောက်ခဲ့ရင် တာချီလိတ်မြို့ရဲ့ ကောင်းသတင်းတွေကို လက်ဆင့်ကမ်းပြောကြားပေးဖို့ မှာကြားလိုပါတယ်။ ဒီမှာရောက်နေစဉ် ကာလမှာ အခက်အခဲ တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့လျှင် ကျွန်တော်တို့ရဲ့ ဒေသအုပ်ချုပ်ရေး အဖွဲ့ အနေနဲ့ ကူညီဖြေရှင်းပေးဖို့ အဆင်သင့်ရှိကြောင်း ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ယနေ့မိတ်ဆုံညစာစားပွဲဟာ မိတ်ဆွေတို့ အားလုံးအတွက် အမှတ်တရ မှတ်တိုင်တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ဖို့နဲ့ နောင်နှစ်တွေမှာလည်း ထပ်မံဆုံတွေ့ နိုင်ကြပါစေလို့ ဆုတောင်းပေးပါရင်း နိဂုံးချုပ်အပ်ပါတယ်....."ဟု အောက်ပါအတိုင်း အင်္ဂလိပ်ဘာသာ စကားဖြင့် "According to the geographical location,this city is a boarder line of Thai and Myanmar. And your coming is highly appreciates in supporting the tourism in this area of both countries. Hope you will have great experiences here and bring all the happiness back home. Would be very appreciates if you would kindly share the memorable stories. Last but not least, I would like to give you a confident that we are ready and willing to help you in any cases. For this celebrating of Tachileik Bike Week, which is the very first bike week in our country Myanmar, I do believe that this will be a remarkable history for all participants and do hope that we can meet again in next year. Thank you."ကြိုဆို နှုတ်ဆက်စကား ပြောကြားသွားသည်။
ယင်းနောက် ပွဲတော်လာ နိုင်ငံတကာဧည့်သည်များ ၊ ဖိတ်ကြားထားသူများ ၊ တိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့များအား ညစာ စားပွဲဖြင့် ဂုဏ်ပြုဧည့်ခံကြသည်။
"ကျွန်တော့်အသက် ၆၂ နှစ်ရှိပါပြီ ၊ မြန်မာနိုင်ငံမှာ အခုလိုကျင်းပတဲ့ပွဲကို တက်ရောက်ခွင့်ရလို့ အရမ်းဝမ်းသာပါတယ်၊ အထူးသဖြင့် မြန်မာတွေက ဖော်ရွေကြတယ် ၊ မျက်နှာလေးတွေကပြုံးနေတာပဲ ၊ တသက်မမေ့နိုင်တဲ့ပွဲပါဘဲ"ဟု ပွဲတော်သို့လာရောက်သည့် နိုင်ငံတကာ Biker များအနက် အသက် အကြီးဆုံး ဖြစ်သူ မလေးရှားနိုင်ငံ Pe Par ပြည်နယ်မှ Mr. Lee Kok Peng မှလည်း အမှတ်တရ စကား ပြောဆိုခဲ့သလို "ကျွန်တော်တို့ မန္တလေးကနေ တာချီလိတ်ကို လာခဲ့ကြတာပါ၊ မလာခင်ကတော့ နယ်စပ်ဒေသဆိုတော့ ဟိုသတင်း ဒီသတင်းတွေကြားတော့ နည်းနည်းလန့်တာပေါ့ဗျာ ၊ ဒါပေမယ့် တကယ့်လက်တွေ့မှာ နယ်မြေအေးချမ်းသာယာနေပြီး လမ်းခရီးတလျှောက် ဘာအခက်အခဲမှ မကြုံခဲ့ရပါဘူး ၊ သာယာလှပတဲ့ ရှမ်းတောင်တန်းကြီးတွေရဲ့အလှ အထူးသဖြင့် မိုင်းပွန်မြို့နယ်ထဲက အဖြတ်မှာ နှင်းထုတွေကြားထဲကဆိုင်ကယ်မောင်းနှင်ခဲ့ရတဲ့အရသာကို တသက်မမေ့နိုင်တော့ပါဘူး"ဟု Mandalay Knights MC ဥက္ကဌ ကိုထွန်းထွန်းကလည်း ပီတိစကားဆိုသည်။
ပွဲတော်အတွင်း ပုဂံယဉ်ကျေးမှုအက၊ ရှမ်း - အာခါ - လားဟူ - ကယန်း - ကချင် တိုင်းရင်းသား ယဉ်ကျေးမှုအကများ ၊ အင်ပါယာတေးဂီတအဖွဲ့နှင့်အတူ Rock အဆိုတော် ဇော်ဝင်းထွဋ် နှင့် သျှီ တို့၏ ရော့ခ်ဂီတဖျော်ဖြေမှုများ ၊ ထိုင်းနိုင်ငံ ကရာဘောင်းတေးဂီတအဖွဲ့၏ ဖျော်ဖြေမှုများအပြင် ရက်အင်ဒီးယန်း မျိုးနွယ်စုများ၏ လူမှုဘ၀နေထိုင်မှုပုံစံများ ၊ တောတွင်းခရီးသွားလာကြသည့် Biker များ၏ လမ်းခရီးတွင် တွေ့ကြုံရသည့် နေထိုင်စားသောက်မှုများအား လက်တွေ့ ပြသထားရာ အထူး စည်ကားသည့် ပွဲတော်တစ်ခုဖြစ်သလို ပွဲတော်ကို (၂)ရက်ကျင်းပရာ တစ်ရက်ကို အခမဲ့ ၀င်ခွင့်ပြုပြီး နောက်ဆုံး တစ်ရက်တည်းကိုသာ ၀င်ကြေးဈေးနှုန်းကို တစ်ဦးလျှင် (၅၀၀)ဘတ်ဖြင့် သတ်မှတ်ထားသည်ဖြစ်ရာ ၀င်ကြေးမြင့်မားသည့် အတွက်လည်း အခြေခံလူတန်းစားများမှ ဝေဖန်ကြသည့် ပွဲတော်တစ်ခုဖြစ်ခဲ့လေသည်။
ယခုကျင်းပသည့် ပွဲတော်တွင် မြန်မာနိုင်ငံ တောင်ကြီး၊ မန္တလေး၊ မုံရွာ၊ နေပြည်တော် နှင့် ရန်ကုန် စသည့်မြို့များမှ မော်တော်ဆိုင်ကယ်ကလပ်များလည်း ရောက်ရှိကာ ဆင်နွှဲကြပြီး မြန်မာနိုင်ငံတွင် ဖွဲ့စည်းထားရှိသည့် Eastern Eagle MC အပါအ၀င် မော်တော်ဆိုင်ကယ်ကလပ်များသည် ၎င်းတို့အနေဖြင့် မော်တော်ဆိုင်ကယ်များဖြင့် ခရီးတို ခရီးရှည်ထွက်သည့်အခါတိုင်း မိဘမဲ့ဂေဟာများ၊ ဘ/ကကျောင်းများတွင် တတ်နိုင်သည့်ဘက်မှ ပါဝင်လှူဒါန်းလေ့ရှိပြီး လူမှုအကျိုးအပြုလုပ်ငန်းများကိုလည်း ခရီးတို၊ ခရီးရှည် ထွက်သည့်အခါတိုင်းမှာ ပြုလုပ်လေ့ရှိကြောင်းလည်း သိရသည်။
International Bike Week ပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက် တစ်ခုဖြစ်သည့် မိဘမဲ့ခလေးများအား ထောက်ပံ့နိုင်ရေးအတွက် အလှူငွေရရှိရန်ဟူသော ကောင်းမွန်သည့် ရည်ရွယ်ချက်နှင့်အညီ ပွဲတော်အား ကျင်းပပြုလုပ်ရာ ပွဲတော်ကျင်းပသည့် Eastern Eagle MC မှ ထိုင်းဘတ်ငွေ တစ်သိန်း၊ ပွဲတော်လာ ဧည့်ပရိသတ်များ၊ Biker များမှ ထိုင်းဘတ်ငွေ (၂၂၈၅၀)ဘတ် ၊ မြန်မာငွေ (၁၀၄၅၀)ကျပ် နှင့် အင်ဒိုနီးရှားရူပီးငွေ တစ်သိန်းတို့ကို မိဘမဲ့ခလေးများ ရန်ပုံငွေအဖြစ် လည်းကောင်း၊ ဆိုင်ကယ်စီးနင်းသူများ စည်းကမ်းတကျနှင့် အန္တရာယ်ကင်းစွာ စီးနင်းနိုင်စေရန်အတွက် ကျပ်သိန်းသုံးဆယ်တန်ဘိုးရှိ ဆိုင်ကယ်စီးဦးထုပ် အလုံး (၁၀၀)တို့အား သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့သည့် မြန်မာနိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့သော International Bike Week အား မှတ်တမ်းတင် ရေးသားလိုက်ရပါသည်။
သတင်း ။ ။ မောင်ယဉ်ကျေး၊ ကိုဇောင်း
ဓါတ်ပုံ။ ။ ကိုဇောင်း၊ ဇောင်းညီ
ပုံများကိုကြည့်ရန်