မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံအကြား တစ်ရက်တည်း ငလျင် ၅ ကြိမ်လှုပ်သွား

မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံအကြား တစ်ရက်တည်း ငလျင် ၅ ကြိမ်လှုပ်သွား
ဒီဇင်ဘာ 19, 2014
By Tachileik News Agency

ဒီဇင်ဘာလ(၁၉)ရက်နေ့ တစ်ရက်တည်းတွင် အနိမ့်ဆုံး (၂.၈)အဆင့်ရှိပြီး အမြင့်ဆုံး (၄.၀)အဆင့်ရှိသည့် ငလျင်ဟာ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံအကြား ရွေ့လျားပြီး ယနေ့ ဒီဇင်ဘာလ(၁၉)ရက် မြန်မာစံတော်ချိန် နံနက်(၁၀း၂၇)နာရီအချိန်ထိ လှုပ်ခတ်သွားခဲ့သည်။

ဒီဇင်ဘာလ(၁၉)ရက်သို့အကူး (၀း၅၃)နာရီအချိန်တွင် ထိုင်းနိုင်ငံ ဖယောင်း နှင့် နီးစပ်သော လာအိုနိုင်ငံတွင် အင်အား (၃.၀)အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် (၀၁း၅၈)နာရီအချိန်တွင် အင်အား(၄.၀)အဆင့်ရှိသည့် ငလျင်သည် တာချီလိတ်ခရိုင်အတွင်း သိသိသာသာ လှုပ်ခတ်သွားခဲ့သည်။

အင်အား(၄.၀)အဆင့်ရှိသည့် ငလျင်ကြောင့်"ငလျင်လှုပ်တာ တစ်ချက်တည်းနဲ့ ဆွဲခါလိုက်သလိုဘဲ၊ မလှုပ်ခင် အသံက ပါလာသေးတယ်၊ အဲ့ဒီအသံကို ကားလမ်းပေါ်က ကားသံတွေထင်နေတာ၊ ဒီထက်ပိုလှုပ်ရင် အန်တီကတော့ လူနာကို အပြင်ခေါ်ထုတ်ဖို့ စဉ်းစားလိုက်တာ၊ တော်သေးတယ် တချက်တည်းဘဲ လှုပ်သွားလို့"ဟု တာချီလိတ်ပြည်သူ့ဆေးရုံရှိ လူနာစောင့် အမျိုးသမီးတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

နံနက်(၂)နာရီ(၅၁)မိနစ်အချိန်တွင် ရှမ်းပြည်နယ်အတွင်းရှိ လင်းခေး နှင့် မောက်မယ်အကြား၌ အင်အား (၂.၈)အဆင့်ရှိ အသေးစား ငလျင်လှုပ်ခတ်သွားခဲ့ပြီး နံနက်(၃)နာရီ(၂၂)မိနစ် အချိန်တွင် ရွှေတြိဂံဒေသ မြန်မာနိုင်ငံ တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စု နှင့် အနီး လာအိုနိုင်ငံတွင် (၃.၀)အဆင့်ရှိသည့် ငလျင်လှုပ်ခတ်သွားခဲ့သည့်အပြင် အင်အား (၃.၁)အဆင့်ရှိသည့် ငလျင်သည် နံနက်(၃)နာရီ (၂၇)မိနစ်အချိန်တွင် လင်းခေး နှင့် မောက်မယ်အကြား ပြန်လည်၍ လှုပ်ခတ်သွားခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဒီဇင်ဘာလ(၁၉)ရက်နေ့ တစ်ရက်တည်းတွင် မြန်မာနိုင်ငံတွင် (၃)ကြိမ် နှင့် လာအိုနိုင်ငံတွင်(၂)ကြိမ် စုစုပေါင်း ငလျင်(၅)ကြိမ် လှုပ်ခတ်သွားခဲ့ရာ အမြင့်ဆုံးအဆင့်မှာ (၄.၀) ဖြစ်သည်။

သတင်း ။  ။ ကိုဇောင်း

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~