လှည့်ကင်းဆောင်ရွက်ရာမှ မသင်္ကာ၍ စစ်ဆေးရာ ခိုးယူထားသည့် ဆိုင်ကယ်(၄)စီး ဖော်ထုတ်ရရှိ

လှည့်ကင်းဆောင်ရွက်ရာမှ မသင်္ကာ၍ စစ်ဆေးရာ ခိုးယူထားသည့် ဆိုင်ကယ်(၄)စီး ဖော်ထုတ်ရရှိ
ဒီဇင်ဘာ 26, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း ဒီဇင်ဘာလ (၂၅)ရက် ညပိုင်းက ရဲတပ်ဖွဲ့မှ လှည့်ကင်း လှည့်လည်နေစဉ် အတွင်း ကျော်ဇောသတင်း ထွက်ပေါ်ခံထားရသူကို မသင်္ကာဖွယ်ရာ တွေ့ရှိရ၍ ဖမ်းဆီး စစ်ဆေးသည့် အခါမှာ လက်ရှိ မော်တော်ဆိုင်ကယ် တစ်စီး အပါအ၀င် အဆိုပါ ကိစ္စနှင့် ဆက်စပ်ပြီး နောက်ထပ် ဆိုင်ကယ် (၃)စီးကို ထပ်မံ ဖော်ထုတ် သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒုရဲအုပ် ဝေလင်းထွန်း နှင့် နယ်ထိန်းတပ်ကြပ် ကျော်လင်း ပါဝင်သည့် အဖွဲ့သည် ဒီဇင်ဘာလ (၂၅)ရက် ည(၁၀း၃၀)နာရီ ၀န်းကျင်တွင် တာချီလိတ်မြို့နယ်၊ မယ်ခေါင်ရပ်ကွက် အတွင်း လှည့်ကင်း လှည့်လည်နေစဉ်မှာ ၂၀၁၂ မော်ဒယ်လ် Wave 110 အမျိုးအစား မော်တော်ဆိုင်ကယ်ကို မောင်းနှင်လာသူ မင်းဗူးသည် ကျော်ဇောသတင်း ထွက်ပေါ်ခံထားရသူဖြစ်ပြီး မသင်္ကာသည့် အတွက်  တာချီလိတ်မြို့မ ရဲစခန်းသို့ ၎င်းအား ခေါ်ယူစစ်ဆေးရာ (ပ)၂၇၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်လှစ်ထားရှိသည့် ပျောက်ဆုံးမော်တော်ဆိုင်ကယ်ဖြစ်နေကြောင်း သိရှိရ၍ ရဲတပ်ဖွဲ့မှ ဆက်လက်၍ စစ်ဆေးကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမှုအပေါ် ဖမ်းဆီးရမိထားသူ မင်းဗူးက ၎င်းအား အငယ်လေးဆိုသူ နှင့် ကတုံး(ခ)ဇော်မင်းစိုး တို့မှ ဆိုင်ကယ် (၃)စီးအား ရောင်းချခိုင်း၍ ရန်အောင်မြေနေ ၀ဏ္ဏ(ခ)ပီကျင်းထံတွင် ရောင်းချခဲ့ကြောင်း ထွက်ဆိုလာသည့် အတွက် အမှုစစ် ဒုရဲအုပ် ကျော်ဇေယျာဝင်းနှင့် အဖွဲ့က ရန်အောင်မြေရပ်ကွက်သို့ သွားရောက်ပြီး ၀ဏ္ဏ(ခ)ပီကျင်း အိမ်သို့ သွားရောက် ရှာဖွေစစ်ဆေးရာ ၂၀၁၂ မော်ဒယ်လ် Wave 110 အပြာနက်(၁)စီး၊ ၂၀၁၂ မော်ဒယ်လ် Wave 125 ဖြူနက်(၁)စီး နှင့် ၂၀၁၂ မော်ဒယ်လ် Wave 110 ဖြူပြာ(၁)စီး စုစုပေါင်း မော်တော်ဆိုင်ကယ် (၃)စီးအား တွေ့ရှိရ၍ ထပ်မံသိမ်းဆည်းခဲ့သည်။

"အခု သိမ်းဆည်းရမိတဲ့ အထဲမှာ လိုင်စင်ပါတဲ့ ဆိုင်ကယ်တွေ ပါပါတယ်၊ ဆိုင်ကယ်ပိုင်ရှင်များ အနေနဲ့ မိမိတို့ရဲ့ ပျောက်ဆုံးနေတဲ့ ဆိုင်ကယ် ဟုတ်မဟုတ်ဆိုတာကို ဆိုင်ကယ်လိုင်စင်စာအုပ် ပြပြီး စခန်းမှာ လာရောက် ထုတ်ယူနိုင်ပါတယ်၊"ဟု တာချီလိတ်မြို့မစခန်းမှူး ဒုရဲမှူးကျော်သန်းက ပြောသည်။

ယခု ဖမ်းဆီး သိမ်းဆည်းရမိသော ဆိုင်ကယ်(၄)စီးတွင် ဒီဇင်ဘာလ (၇)ရက်နေ့က တာချီလိတ်မြို့နယ်၊ ၀မ်ကောင်းရပ်ကွက်၊ ကချင်ရွာရှိ ကိုမင်း ဆံပင်ညှပ်ဆိုင်ရှေ့တွင် သော့မဖြုတ်ဘဲ ရပ်ထားပြီး (၅)မိနစ် အတွင်း ပျောက်ဆုံးသွားသည့် ဆိုင်ကယ်ပါဝင်ပြီး အဆိုပါ ဆိုင်ကယ်သည် လိုင်စင်ပါရှိသော ဆိုင်ကယ်ဖြစ်ကြောင်းလည်း သိရသည်။

ဆက်လက်၍ ခိုးယူထားသော ဆိုင်ကယ်များအား ထပ်မံ ပေါ်ပေါက်လာနိုင်ရေးအတွက် ဖမ်းဆီးရမိထားသူ (၃)ဦးအား စစ်ဆေးနေလျက်ရှိပြီး ဆိုင်ကယ်ပိုင်ရှင်များအား စုံစမ်းသိရှိနိုင်ရေးအတွက် ဆောင်ရွက် နေလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ် အတွင်း မှုခင်းတစ်စုံတစ်ရာနှင့် ပတ်သက်၍ဖြစ်စေ၊ မသင်္ကာစရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဖြစ်စေ တာချီလိတ်မြို့မ ရဲစခန်းဖုန်းသို့ ဆက်သွယ်နိုင်ပြီး ဖုန်းနံပါတ်အနေဖြင့် ရဲစခန်းဖုန်း ၀၈၄-၅၀၁၉၉၊ စခန်းမှူး ဒုရဲမှူး ကျော်သန်း ဖုန်း၊ ၀၈၄-၅၁၀၀၂၊ မြန်မာဖုန်း - ၀၉၅၃၆၆၂၀၈ နှင့် ထိုင်းဖုန်း ၀၈၅-၀၃၃၆၉၃၉ သို့ အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်သန်းက အသိပေး ပြောကြားလာသည်။

သတင်း ။  ။ ကိုဇောင်း

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~