တာချီလိတ်မြို့နယ်အတွင်း အန္တရာယ်ကင်းစေရန်အတွက် တာချီလိတ် ခရိုင်/မြို့နယ်၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင် အလှူရှင်များ၊ လူမှုရေး အသင်းအဖွဲ့များ စုပေါင်းပါဝင် ဆင်ယင် ကျင်းပပြုလုပ်သည့် အသံမစဲပဌာန်းပွဲ ဖွင့်ပွဲကို နိုဝင်ဘာလ(၂၇)ရက်နေ့က တာချီလိတ်မြို့နယ်၊ ၀မ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု ၀န်ထမ်းကုန်း ဘုန်းကြီးကျောင်းတွင် (၅)ရက်တိတိ ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ ဒီဇင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်းတွင် အသံမစဲပဌာန်းသိမ်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားအား နမောတဿ (၃)ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ပြီး အောင်ဆုပန် ဇယစက္ကော အောင်ဂါထာဖြင့် ရေလယ်ကျွန်းသာသနာပြုဆရာတော်မှ ရွတ်ဖတ်ပူဇော်ပြီးနောက်မှာ တက်ရောက်လာသည့် ဧည့်သည်များမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားရာတွင် ယခုလို အသံမစဲပဌာန်းပွဲကို ပြီးမြောက်အောင် ဆောင်ရွက်ရာ၌ အဖက်ဖက်မှ ပါဝင်ကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် အလှူရှင်များအား ကျေးဇူးအထူးတင်ရှိကြောင်း စသည်တို့ဖြင့် ထည့်သွင်း လျှောက်ထားသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး တာချီလိတ်မြို့တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တရေ၀တ က သြ၀ါဒကထာမြွက်ကြားကာ ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြပြီး ပရိတ်တရားတော်များ နာယူကာ အသံမစဲပဋ္ဌာန်းပွဲအား ရုတ်သိမ်းခဲ့ကြသည်။
သတင်း ။ ။ ကိုဇောင်း
ဓါတ်ပုံ။ ။ ဇောင်းညီ