တာချီလိတ်ခရိုင်၌ နှစ်လတာအတွင်း ကြိုးဆွဲချသေဆုံးမှု (၄)မှုမြောက်အဖြစ် ကျိုင်းလပ်၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

တာချီလိတ်ခရိုင်၌ နှစ်လတာအတွင်း ကြိုးဆွဲချသေဆုံးမှု (၄)မှုမြောက်အဖြစ် ကျိုင်းလပ်၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
ဒီဇင်ဘာ 17, 2014
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်အတွင်း၌ နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း ကြိုးဆွဲချ သေဆုံးမှု (၄)မှုမြောက် အဖြစ် ဒီဇင်ဘာလ (၁၆)ရက် နေ့လယ် (၂)နာရီ ၀န်းကျင် အချိန်ခန့်က တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ကျကူနီပြည်သူ့စစ် အဖွဲ့ဝင်ဟောင်း တစ်ဦး ကြိုးဆွဲချသေဆုံးသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု ပန်ပဲ(အောက်)ကျေးရွာတွင် အသက်(၄၂)နှစ်ရှိ ကျကူနီပြည်သူ့စစ် အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဦးကျဒသည် အဆိုပါ ကျေးရွာရှိ ဦးဂျာလေ့ စွန့်ပစ်ထားသော လူနေထိုင်ခြင်းမရှိသည့်  အိမ်ဟောင်း၏ မီးဖိုခန်းအနီး အမြင့်(၆)ပေခန့် အမြင့်ရှိ ထုတ်တန်းတွင် ဆွဲကြိုးချသေဆုံးနေသည်ကို ရွာသူကြီးနှင့်အဖွဲ့မှ တွေ့ရ၍ ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားစေခဲ့ပြီးနောက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးကြကြောင်း သိရသည်။

သေဆုံးသူတွင် ပြင်ပဒဏ်ရာများ မတွေ့ရှိရဘဲ ပါးစပ်မှ သွားရည်များကျနေပြီး လက်မများမှာလည်း အတွင်းသို့ထည့်လျက် လက်သီးဆုပ် အနေအထားဖြင့် သေဆုံးနေသည့် အပေါ် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်ကို သိရှိရန်အတွက် တာလေဆေးရုံသို့ ပို့ဆောင်ထားပြီး စစ်ဆေး နေလျက်ရှိသလို အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ၀မ်လန်းနယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၄ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

ယခုလို ကြိုးဆွဲချသေဆုံးမှုသည် တာချီလိတ်ခရိုင်အတွင်း နိုဝင်ဘာလအတွင်း၌် တာချီလိတ်မြို့နယ် ၀မ်ကောင်းရပ်ကွက် နှင့် တာလေမြို့တွင် ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၃)ရက်က (၂)မှု နှင့် နိုဝင်ဘာလ (၂၈)ရက်နေ့က တာချီလိတ်မြို့နယ် မယ်ခေါင်ရပ်ကွက်တွင် (၁)မှု အပါအ၀င် အဆိုပါ ကြိုးဆွဲချ သေဆုံးမှုတွင် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၁)ဦးဖြစ်ပြီး ယခု ဒီဇင်ဘာလအတွင်း (၁)မှု အပါအ၀င် (၄)မှုရှိပြီဖြစ်ကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~