တာချီလိတ် မြို့မဈေးရှိ ပျံကျဈေးသည်များ နေရာအတွက် အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ဇန်န၀ါရီလ ၄ ရက်နေ့တွင် ဈေးသစ်ကို ဖွင့်ချင်ကြောင်း ပြည်နယ်စည်ပင်ဝန်ကြီးပြော

တာချီလိတ် မြို့မဈေးရှိ ပျံကျဈေးသည်များ နေရာအတွက် အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ဇန်န၀ါရီလ ၄ ရက်နေ့တွင် ဈေးသစ်ကို ဖွင့်ချင်ကြောင်း ပြည်နယ်စည်ပင်ဝန်ကြီးပြော
နိုဝင်ဘာ 16, 2014
By Tachileik News Agency

တာချီလိတ်မြို့မ (၀မ်ကောင်း)ဈေးအား အဆင့်မြှင့်တင် ဆောက်လုပ်နေလျက်ရှိရာ ယခုအခါမှာ ပြီးစီးလုနီးနီး ဖြစ်နေသော်လည်း ယနေ့ အချိန်ထိ မပြီးပြတ်နိုင်သေးသည့် ကိစ္စမှာ ပျံကျခုံတန်းနေရာ ပြန်လည် ချထားပေးရေး ကိစ္စများဖြစ်သည့်အတွက် ပျံကျခုံတန်း ကိုယ်စားလှယ်များ အပါအ၀င် သက်ဆိုင်ရာများ ဖြစ်သည့် စည်ပင်သာယာရေးကော်မတီ နှင့် ဆောက်လုပ်ရေးကုမ္ပဏီတို့ အကြိမ်ကြိမ်  တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပြီးဖြစ်သော်လည်း အဆိုပါ ကိစ္စမှာ မပြီးပြတ်သေးသည့် အတွက် နိုဝင်ဘာလ (၁၅)ရက်နေ့ နေ့လယ် (၂း၀၂)နာရီအချိန်က ရှမ်းပြည်နယ် စည်ပင်သာယာရေး ၀န်ကြီး ဦးစိုင်းလှဝင်း နှင့် စည်ပင်သာယာရေးကော်မတီတို့မှ စည်ပင်သာယာရေးဌာနရုံးတွင် ပျံကျခုံတန်းကိုယ်စားလှယ် အချို့အား ခေါ်ယူ တွေ့ဆုံ၍ တစ်ဦးလျှင် (၅)မိနစ်နှုန်းဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် ပျံကျခုံတန်း အသီးသီးမှ ကိုယ်စားလှယ်အချို့ နှင့် ဈေးဆောက်လုပ်စဉ် ကတည်းက တစ်စိုက်မတ်မတ် တောင်းဆိုလာသော (၈၆)ခုံတန်း ပျံကျဈေးသည်များမှ ကိုယ်စား၊ ကိုယ်စားလှယ် များထဲမှ နှစ်ဦးဖြစ်သည့် ဒေါ်သောင်းမလေး နှင့် ဦးဇင်ဦးတို့ အပါအ၀င် ပြည်နယ်စည်ပင်သာယာရေး ၀န်ကြီး ဦးစိုင်းလှဝင်း၊ ကျိုင်းတုံမြို့ စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာ၊ စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ နှင့် အတွင်းရေးမှူး ဦးကျော်ဇင် အပါအ၀င် ကော်မတီဝင်များ၊ အပြင် မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ စသည်တို့မှ တွေ့ဆုံခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် (၈၆)ခုံတန်း ကိုယ်စားလှယ် ဒေါ်သောင်းမလေးမှ ၎င်းတို့ သတ်မှတ်ထားသော အချိန်(၅)မိနစ်အတွင်း ၎င်းတို့၏ တောင်းဆိုမှုတစ်ခုဖြစ်သော လက်ကျန်ပျံကျခုံတန်း (၂၀)အတွက်ကို တောင်းခံရာ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း က စည်ပင်သာယာရေးကော်မတီမှ ပျံကျခုံတန်း (၈၆)ခုံတန်း ဈေးသူ၊ ဈေးသားများအတွက် မဲနှိုက်ဆုံးဖြတ်ပေးမှုအဖြစ် (၆၀)ခုံနှင့် ထပ်တိုး(၆)ခုံကို အတည်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း၊ ဈေးသူ၊ ဈေးသားများ၏ တင်ပြတောင်းဆိုမှုသည် နိုင်ငံတော်သို့ ထိလည်း ပေါက်နေပြီ ဖြစ်ကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည်ထံသို့လည်း တိုင်ကြားထားသည်ကိုလည်း သိရှိရပြီးဖြစ်သော်လည်း တကယ်တမ်း ပြဿနာအား ဖြေရှင်းရမည်မှာ မိမိတို့ လက်ရှိ အစိုးရပင်ဖြစ်ကြောင်း ထို့အတွက် (၈၆)ခုံအတွက် လက်ရှိပေးထားသော (၆၆)ခုံသာ ချထားပေးပြီးဖြစ်သလို၊ နေရာအခက်အခဲများကြောင့် ထပ်မပေးနိုင်တော့ကြောင်း၊ ပျံကျဈေးသည်များ အနေဖြင့် အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ဈေးသစ်အား ၂၀၁၄ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့မှာ ဖွင့်ချင်ကြောင်း စာချုပ်သဘောအရ သတ်မှတ်ရက်မှာ ဈေးအား မဖွင့်လှစ်နိုင်ပါက ကုမ္ပဏီအနေဖြင့် သတ်မှတ်နှုန်းအတိုင်း နေ့တွက်အနေဖြင့် ပေးရမှာ ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားသွားသည်။

ပျံကျခုံတန်း ပြန်လည်ရရှိရေးကိစ္စအား တခြားသော ပျံကျဈေးသည်များထက် ဦးစွာ တောင်းဆိုသည်မှာ မိမိတို့ (၈၆)ခုံတန်းဖြစ်ကြောင်း၊ ထိုသို့ တောင်းဆိုမှုကို အပြည့်အ၀ မချပေးဘဲ၊ အရင်စာရင်း အရှိထက် ကျော်လွန်ပြီး ငါးသည်ခုံတန်းများကို ချပေးနေကြောင်း၊ မိမိတို့၏ တောင်းဆိုမှုကို မည်သည့်အတွက်ကြောင့် အပြည့်အ၀ လိုက်လျောပေးခြင်းမရှိတာကို နားမလည်နိုင်ကြောင်း (၈၆)ခုံတန်း ပျံကျဈေးသူ ဒေါ်သောင်းမလေးမှ ရင်ဖွင့်ပြောကြားလာသည်။

(၈၆)ခုံ ပျံကျခုံတန်းဈေးသည်များမှ ၎င်းတို့၏ မူလနေရာမှလည်း ဖယ်ပေးရပြီး (၅ 'x ၅')ပတ်လည် မှ (၅'x၃.၆') အတိုင်းအတာရှိ ခုံသာရရှိသည့်အပြင် (၈၆)ခုံမှာ (၆၆)ခုံသာ ပေးပြီးနောက် ဈေးနှုန်း ညှိနှိုင်းပေးခြင်းလည်း ယနေ့ထိမရှိသေးကြောင်း၊ စည်ပင်သာယာရေး ကော်မတီမှ ဈေးနှုန်း ညှိနှိုင်းပေးမည်ဟု ပြောဆိုထားသော်လည်း ဈေးနှုန်းညှိနှိုင်းပေးသေးခြင်း ယနေ့အထိ မရှိကြောင်း နှင့် စည်ပင်သာယာရေးကော်မတီမှ ချပေးထားသော ဈေးခုံတန်းများနှင့် ပတ်သက်၍ နိုဝင်ဘာလ(၂၁)ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းခြင်း မပြုလုပ်ပါက ချပေးထားသော ခုံတန်းများကို ဌာနပိုင်သိမ်း၍ မရရှိသေးသူများကို ချသွားပေးမည်ဖြစ်ကြောင်း သိရသည်။

ပျံကျဈေးသူ ဈေးသားများအနေဖြင့် တွေ့ဆုံညှိနှိုင်းမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသော်လည်း ပျံကျဈေးသူ၊ ဈေးသားများ ကိစ္စမှ မပြီးပြတ်နိုင်သေးသည့်အပြင် ၎င်းတို့၏ တောင်းဆိုမှုဖြစ်သော လက်ကျန်ခုံများကို ချသွားပေးခြင်း၊ ဈေးနှုန်းညှိနှိုင်းပေးခြင်းများ မရှိပါက လုပ်စရာရှိသည်များကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း ။   ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~ ကြော်ငြာ ~~~~~~~~~