တာချီလိတ်မြို့သည် ထိုင်း-မြန်မာ-လာအို နယ်စပ်ဒေသမြို့ဖြစ်သည်နှင့်အညီ လူမှုအကျိုးပြု လုပ်ငန်းများနှင့် ပတ်သက်၍ လူမှုအသင်းအဖွဲ့များစွာ ရှိပြီး တာချီလိတ်မြို့နယ် အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်များတွင်လည်း သာရေး/နာရေးအသင်းဟု သတ်မှတ်၍ ရပ်ကွက်များအလိုက် ဖွဲ့စည်းထားလျက်ရှိရာ ၂၀၁၄ခုနှစ် နိုဝင်ဘာလအတွင်းမှာ တာချီလိတ်မြို့နယ် ၀မ်ကောင်းရပ်ကွက်တွင် "ဝမ်ကောင်းရပ်ကွက် သာရေး/နာရေးအသင်း"အား အောင်မြင်စွာ ဖွဲ့စည်းထားရှိပြီဖြစ်ကြောင်း သိရသည်။
ဝမ်ကောင်းရပ်ကွက်တွင် ရပ်ကွက်ဖွဲ့စည်းပုံ အနေဖြင့် အကွက်ပေါင်း (၉)ကွက်ရှိပြီး အဆိုပါ အကွက်(၉)ကွက်တွင် အားခေရွာ၊ မြန်မာရွာ နှင့် ကချင်ရွာတို့ ပါဝင်ကြောင်းသိရပြီး အိမ်ထောင်စု အရေအတွက် တစ်ထောင်ကျော်ရှိကြောင်း သိရသည်။
ဝမ်ကောင်းရပ်ကွက်အတွင်း၌ သာရေး/နာရေးများ ပေါ်ပေါက်လာပါက ရပ်ကွက်အသင်းအနေဖြင့် ကူညီဆောင်ရွက် ပေးနိုင်ရန်အတွက် အသင်းအဖြစ် နာယက(၆)ဦးနှင့် ကော်မတီအဖွဲ့ဝင် (၁၃)ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး တစ်အိမ်ထောင်စုလျှင် အသင်းဝင်ကြေးအဖြစ် (၃၀၀)ဘတ် သတ်မှတ်ပြီး နာရေးတစ်ခု ပေါ်လာပါက နာရေးကြေး (၃၀)ဘတ်အဖြစ် ကောက်ခံသွားပြီး နာရေးရှင်အား အိမ်ထောင်စုတစ်စုလျင် (၂၀)ဘတ်နှုန်းဖြင့် ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ကျန်သည့် (၁၀)ဘတ်အား အသင်း၏ လုပ်ငန်းစဉ်များနှင့် ကူညီမှုများတွင် အသုံးပြုနိုင်ရန်အတွက် ရန်ပုံငွေအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
"၀မ်ကောင်းရပ်ကွက် သာရေး/နာရေးအသင်း"အား ဖွဲ့စည်းထားရှိပြီးနောက် လတ်တလောကာလတွင် အသင်းသို့ ၀င်ရောက်ထားသည့် အရေအတွက်မှာ အိမ်ထောင်စု (၃၀၀)နီးပါးရှိနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါအသင်းသို့ ၀င်ရောက်ထားသော အသင်းဝင်များ နာရေးတစ်ခုပေါ်လာပါက အသင်းမှ အခေါင်း၊ နိဗ္ဗာန်ယာဉ်၊ လိုက်ပါပို့ဆောင်နိုင်ရန် ကားနှစ်စီး နှင့် နာရေးမဏ္ဍပ်အတွက် မိုးကာတဲ နှင့် ခုံများကူညီပေးသွားမှာဖြစ်ကြောင်း သိရသည်။
အသင်းသို့ ၀င်ရောက်ရန်အတွက် ၀မ်ကောင်းရပ်ကွက်အတွင်း အိမ်ထောင်စုစာရင်းရှိသူများကို အဓိက ၀င်ရောက်နိုင်ရန် သတ်မှတ်ထားသော်လည်း အိမ်ထောင်စုစာရင်းမရှိသေးသည့် ဧည့်စာရင်းဖြင့် နေထိုင်သူများကိုလည်း သတ်မှတ်ပုံစံဖြင့် စာရင်းပေးသွင်း၍ အသင်းဝင်ရောက်နိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။
အဆိုပါအသင်းအနေဖြင့် အသင်း၏ စာရင်းဇယားများနှင့် ကူညီခဲ့မှုအရေအတွက်နှင့် ငွေစာရင်းများကို အသင်းကော်မတီဝင်များနှင့် တွေ့ဆုံကာ လစဉ် ရှင်းလင်းသွားမှာဖြစ်ကြောင်းလည်း သိရသည်။
"ဝမ်ကောင်းရပ်ကွက် သာရေး/နာရေးအသင်း"သို့ ဆက်သွယ်လိုပါက ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ သော်လည်းကောင်း အောက်ပါ ဆက်သွယ်ရန် ဖုန်းနံပါတ်မှတဆင့် သော်လည်းကောင်း ဆက်သွယ်နိုင်မှာ ဖြစ်ကြောင်း သိရသည်။
- 0823926213(ထိုင်းဖုန်း)
- 0827582619 (ထိုင်းဖုန်း)
- 08451964 ( မြန်မာဖုန်း)
သတင်း ။ ။ ကိုဇောင်း