ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ(၄)နာရီ ၀န်းကျင်အချိန်က တာလေမြို့ဘက်မှ တောင်သုံးလုံး အကျော်ဖြစ်သည့် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်းဘက်တွင် ကားတစ်စီးသည် ကတ္တရာပေါ်တွင် ဖြူးထားသော ကျောက်သဲများကြောင့် လမ်းချော်၍ အရှိန် မထိန်းနိုင်တော့ဘဲ လမ်းဘေးသို့ ထိုးကျသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်သို့ ရောက်ရှိခဲ့သူ အမျိုးသားတစ်ဦးက "အဓိက ကတော့ လမ်းကြောင့်နဲ့ အရှိန် မထိန်းနိုင်တာကြောင့် အခုလို ဖြစ်သွားတာလို့ သိရတယ်၊ ကံကောင်းတာက မျက်နှာချင်းဆိုင်လာတဲ့ ဆိုင်ကယ် ကပ်လွတ်သွားတယ်၊ ကားကတော့ နဘေးကို ထိုးကျသွားတာ၊ သစ်ငုတ်ရှိနေလို့ မရှိရင် ဟိုအောက်ထိ ကျသွားနိုင်တယ်၊ အဓိက ကတော့ အခုလို ဟိုင်းဝေးလမ်းပေါ်မှာ ကတ္တရာနဲ့ ကျောက်သဲဖြူးတာများလို့ အရှိန်မထိန်းနိုင်တော့ဘဲ ဖြစ်သွားတာလို့ သုံးသပ်မိတယ်.."ဟု တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
ဆက်လက်၍ ၎င်းက "လမ်းကောင်းပြီဆိုပြီး အရှိန်မြှင့်မောင်းတဲ့ သူတွေအနေနဲ့ သိစေချင်တာပါ၊ လမ်းကောင်းပေမဲ့ လမ်းပေါ်မှာ ကျောက်သဲတွေ ဖြူးထားတော့ အကွေ့မှာ အရှိန်မထိန်းနိုင်တော့ဘဲ အခုလို စလစ်ဖြစ်ပြီး မဖြစ်သင့်တာတွေ ဖြစ်နေတာကို တွေ့မြင်ရတဲ့ အတွက် သတိထား မောင်းစေချင်ပါတယ်..."ဟု သတိပေးပြောကြားသွားသည်။
သတင်း ။ ။ ကိုဇောင်း
ဓါတ်ပုံ ။ ။ ကိုမောင်