နယ်စပ်ဒေသ တာချီလိတ်မြို့တွင် စက်တပ်ယာဉ်များဖြစ်သည့် မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ယာဉ်များ စသည့် မော်တော်ယာဉ်များ များပြားလာလျက်ရှိပြီး နေ့စဉ်နှင့်အမျှ အသေးစား ယာဉ်တိုက်မှုမှသည် သေဆုံးစေသည့် ယာဉ်တိုက်မှုအထိ မတော်တဆ ယာဉ်တိုက်မှုများ ဖြစ်ပေါ်နေသည့် အတွက် တာချီလိတ်ခရိုင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ မော်တော်ယာဉ် မောင်းသူများအား ယာဉ်/လမ်း စည်းကမ်းလိုက်နာနိုင်ရန်အတွက် ၂၀၁၄ခုနှစ် နိုဝင်ဘာလ (၁၇)ရက်နေ့မှ စတင်ကာ စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ် နှင့် မောင်းနှင်သူများအား ဒဏ်ငွေရိုက်ခြင်း၊ ယာဉ်အား (၇)ရက်တိတိ ခေတ္တသိမ်းဆည်းထားခြင်းများဖြင့် ဒဏ်ပေးစနစ်ကို ကျင့်သုံးဆောင်ရွက်တော့မှာ ဖြစ်ကြောင်း ခရိုင်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ သိရသည်။
တာချီလိတ်မြို့နယ်အတွင်း ယာဉ်မတော်တဆ တိုက်မိမှုများကြောင့် ၂၀၁၄ခုနှစ် ဇန်န၀ါရီလ မှ နိုဝင်ဘာလအထိ ယာဉ်တိုက်မှုပေါင်း (၃၇)မှုဖြစ်ပွားခဲ့ရာ အမျိုးသား (၄၀)ဦး၊ အမျိုးသမီး (၂၄)ဦး၊ စုစုပေါင်း (၆၄)ဦးတို့မှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး အဆိုပါ ဒဏ်ရာရရှိသူ (၆၄)ဦးအနက် အမျိုးသား(၁၂)ဦး နှင့် အမျိုးသမီး (၅)ဦးတို့မှာ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းခြင်းကြောင့် ဦးခေါင်းဒဏ်ရာဖြင့် အသက် သေဆုံးသွားခဲ့ကြရတာဖြစ်ကြောင်း သိရသည်။
ထိုသို့ ယာဉ်တိုက်မှုများ၏ အခြေခံဖြစ်စဉ်များမှာ ယာဉ်မောင်းသူများ အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာမှုမရှိဘဲ ယာဉ်တစ်စီးနှင့်တစ်စီး လု၍ ကျော်တက် မောင်းနှင်ခြင်း၊ အရက်သေစာနှင့် မူးယစ်စေသော အရာများ သောက်စားကာ မောင်းနှင်ခြင်း၊ ယာဉ်မောင်း လိုင်စင်မရှိခြင်း၊ ကျွမ်းကျင်မှုမရှိဘဲ မောင်းနှင်ခြင်း၊ လမ်းဆုံ လမ်းခွများတွင် ရပ်၊ကြည့်၊သွား မပြုလုပ်ဘဲ အရှိန်ဖြင့် မောင်းနှင် ထွက်ခွာခြင်း၊ စသည့် စည်းကမ်းပျက် ဥပဒေမဲ့ မောင်းနှင်ခြင်း များကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွားသည်ကို ခရိုင်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ စိစစ်တွေ့ရှိရကြောင်း သိရသည်။
ထိုသို့ ဖြစ်ပွားမှုများနှင့် စည်းကမ်းပျက် ဥပဒေမဲ့ မောင်းနှင်ခြင်းများကို တားဆီးနိုင်ရန်အတွက် ဒဏ်ပေးစနစ် နှင့် ဆိုင်ကယ်အား (၇)ရက်တိတိ ခေတ္တ သိမ်းဆည်းစနစ်များကို ပြုလုပ်မည်ဖြစ်ရာ တာချီလိတ်တွင် မော်တော်ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ပေးသည့် သတ်မှတ်ကာလ ကျော်လွန်ပြီး ဖြစ်သည့်အတွက် ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၁၇)ရက်နေ့မှစ၍ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းခြင်း၊ ဆောင်းပြီးသော်လည်း မေးသိုင်းကြိုး မတပ်ခြင်း၊ မော်တော်ဆိုင်ကယ်အား (၂)ဦးအထက် ပိုမိုတင်ဆောင်၍ စီးနှင်ခြင်း၊ စက်သံဆူညံစွာ မောင်းနှင်ခြင်း၊ ပါဝါအိပ်ဇောတပ်၍ မောင်းနှင်ခြင်း နှင့် မီးပွိုင့် အချက်ပြမှုအား လိုက်နာခြင်းမရှိဘဲ မီးနီနေစဉ် ဖြတ်၍ မောင်းနှင်သည့် ယာဉ်များအား ဖမ်းဆီး၍ တရားရုံးဒဏ်ငွေ (၁၀၀၀)ကျပ် နှင့် စီမံခန့်ခွဲမှု အထူးဒဏ်ငွေ (၁၀၀၀၀)ကျပ် စုစုပေါင်း (၁၁၀၀၀)ကျပ် ပေးဆောင်ရမည့် အပြင် စည်းကမ်းပျက်မောင်းနှင်သော ဆိုင်ကယ်အား (၇)ရက်တိတိ ခေတ္တသိမ်းဆည်းကာ အရေးယူတော့မှာ ဖြစ်ကြောင်း သိရှိရသည်။
သတင်း ။ ။ ကိုဇောင်း