ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း နှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ အ.ထ.က(တာလေ)တွင် ကျောင်းကျန်းမာရေး စစ်ဆေးပေး

ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း နှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ အ.ထ.က(တာလေ)တွင် ကျောင်းကျန်းမာရေး စစ်ဆေးပေး
နိုဝင်ဘာ 15, 2014
By Tachileik News Agency

ကျောင်းနေရွယ် ကလေးသူငယ်များအား တစ်ကိုယ်ရေ သန့်ရှင်းရေး နှင့် ကျန်းမာရေး အသိပညာပေးမှု တစ်ရပ်အဖြစ် စိတ်ကျန်းမာရေး နှင့် ဆေးလိပ်မသောက်သုံးရေး ဆိုင်ရာ ကျန်းမာရေး အသိပညာပေး မှုများကို ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၁၅)ရက် နံနက်ပိုင်းတွင် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့ရှိ အ.ထ.က(တာလေ)တွင် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အ.ထ.က(တာလေ)တွင် "စိတ်ကျန်းမာရေး နှင့် ဆေးလိပ်မသောက်သုံးရေး ဆိုင်ရာ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ"ခေါင်းစဉ်ဖြင့် ကျန်းမာရေး အသိပညာပေး ဟောပြောရာတွင် တာချီလိတ်ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော် အပါအ၀င် တာလေမြို့ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် သက်ဆိုင်ရာဌာနများမှ တက်ရောက်ကြရာ ဦးစွာ ခရိုင်/မြို့နယ်  မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ တို့မှ မိတ်ဆက်စကားပြောကြားပြီး တာလေမြို့ ဆေးရုံမှ ဆရာဝန်က ကျန်းမာရေး အသိပညာပေးများကို ဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသုံးအိမ်သာ သန့်ရှင်းမှု ရှိမရှိ နှင့် ကျောင်းသား/ကျောင်းသူများ အနေဖြင့် အိမ်သာမှ ထွက်ခွာလာပြီး လက်အား ဆပ်ပြာဖြင့် ဆေးခြင်း ရှိမရှိ တို့ကို စစ်ဆေးကာ ကလေးသူငယ်များအား ဆပ်ပြာဖြင့် လက်ဆေးခြင်းကို လက်တွေ့ပြသခဲ့ကြသည်။

အဆိုပါ အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် တစ်ကိုယ်ရေ သန့်ရှင်းမှု ရှိမရှိကို စစ်ဆေးသည့် အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ခြေသည်း၊ လက်သည်းများကို စစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေ သန့်ရှင်းမှု အမြဲပြုလုပ်ရန်အတွက်ကို ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော် တို့မှ အသိပညာပေး ပြောကြားခဲ့ကြသည်။

ထို့နောက်မှာ ကျောင်းသားများအနေဖြင့် ဆေးလိပ်မသောက်သုံးရေး အသိပေး နှိုးဆော်မှု တစ်ရပ်အနေဖြင့် ကျောင်းနံရံတွင် "ဆေးလိပ်ကင်းစင်နယ်မြေ"စာတမ်းပါသည့် အသိပေး စတေကာအား ကပ်ကြပြီးနောက် ကျောင်းအတွင်း မုန့်ဆိုင်အား သန့်ရှင်းမှု ရှိမရှိကိုလည်း စစ်ဆေးခဲ့ကြသည်။

ယခု ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး အသိပညာပေးအဖြစ် ဟောပြောသည့် ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၃၇)ဦး ရှိပြီး သင်ကြားမှု ဆရာ၊ ဆရာမအနေဖြင့် ကျောင်းအုပ်ဆရာကြီး ဦးသန်းစိုးအပါအ၀င် စုစုပေါင်း (၃၇)ဦးရှိကြောင်း သိရှိရသည်။

အ.ထ.က(တာလေ)တွင် ပညာပေးဟောပြောမှုများပြီးသည့်နောက်မှ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အေးသန္တာကျော်တို့ ပါဝင်သည့် အမျိုးသမီးရေးရာ အဖွဲ့ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ အဖွဲ့ဝင်များသည် တာလေမြို့တွင်းမှာပင် အသက်(၇၅)နှစ်အရွယ်ရှိ အဘိုးအိုအား ထောက်ပံ့ပစ္စည်းများ ပေးအပ်၍ ကန်တော့ခဲ့ကြသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~