ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသ၊ တာချီလိတ်မြို့နယ် မယ်ခေါင်ရပ်ကွက်တွင် ၂၀၁၄ခုနှစ် နိုဝင်ဘာလ (၂၈)ရက် ညနေ(၆)နာရီ အချိန်ခန့်က အသက်(၂၄)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ သေဆုံးသူ၏ ခင်ပွန်းဖြစ်သူသည် ညနေ(၆)နာရီ အချိန်ခန့်မှာ ပန်းရံလုပ်ရာမှ အိမ်သို့ ပြန်လာစဉ် နေအိမ်အခန်း တံခါးအား ဖွင့်ရာ အတွင်းမှ ပိတ်ထားသည့် အတွက် ၎င်းသည် ဘေးအခန်းမှ ကျော်ဝင်ပြီး နေအိမ် အိပ်ခန်းအတွင်းသို့ ၀င်ရောက်သည့် အခါမှာ အသက်(၂၄)နှစ် အရွယ်ရှိ ဇနီးဖြစ်သူ မသီတာလှိုင် (ခ) ဒါဒါ မှာ အိပ်ခန်းအတွင်း မျက်နှာကျက် အမိုးထုတ်တန်းအား အရှည်(၈)ပေခန့်ရှိသည့် အစိမ်းရောင် (၂)မူးလုံးခန့်ရှိသော အ၀တ်လှမ်းကြိုးဖြင့် ချည်ပြီး ကြိုးဆွဲချသေဆုံးနေတာကို တွေ့ရှိရကြောင်း သိရသည်။
ထိုသို့ တွေ့ရမှုနှင့် ပတ်သက်၍ မယ်ခေါင် ပြည်သူ့စစ် ဦးဖုန်းမြင့် မှ တဆင့် သက်ဆိုင်ရာ ရပ်ကွက်ရုံး နှင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားပြီးနောက် သေဆုံးသူ၏ အလောင်းအား စစ်ဆေးရန်အတွက် တာချီလိတ်မြို့နယ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားရှိပြီး အဆိုပါ လူသေဆုံးမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၂၂/၂၀၁၄)ဖြင့် ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
ယခုလို ကြိုးဆွဲချသေဆုံးမှုသည် တာချီလိတ်ခရိုင်အတွင်း နိုဝင်ဘာလအတွင်း၌် (၃)မှုရှိခဲ့ပြီး တာချီလိတ်မြို့နယ် ၀မ်ကောင်းရပ်ကွက် နှင့် တာလေမြို့တွင် ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၃)ရက်က (၂)မှု နှင့် နိုဝင်ဘာလ(၂၈)ရက်နေ့က တာချီလိတ်မြို့နယ် မယ်ခေါင်ရပ်ကွက်တွင် (၁)မှု အပါအ၀င် အဆိုပါ ကြိုးဆွဲချ သေဆုံးမှုတွင် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၁)ဦးဖြစ်ကြောင်း သိရသည်။
သတင်း ။ ။ ကိုဇောင်း