ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်ရှိ Mekong Minority Foundation သို့ CNCMC မှ သွားရောက်လေ့လာ

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်ရှိ Mekong Minority Foundation သို့ CNCMC မှ သွားရောက်လေ့လာ
နိုဝင်ဘာ 11, 2014
By Tachileik News Agency

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်၊ Mekong Minority Foundation (MMF) ၏ ဖိတ်ကြားချက်အရ  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) ၏ လုပ်ငန်းအကောင်အထည်ဖော်ရေးဆပ်ကော်မတီ ဒုတိယဥက္ကဌ ဦးအောင်ဖြိုးရှိန် ၊ အတွင်းရေးမှူး ဦးစည်သူမောင် ၊ အဖွဲ့ဝင် ဦးသန်းထွန်းတို့သည် ယနေ့ နိုဝင်ဘာ(၁၁)ရက် မွန်းလွဲပိုင်းက Green View ရပ်မူအန်းမြို့ ချင်းရိုင်းခရိုင်တွင် ဖွင့်လှစ်ထားသည့် မြန်မာရွှေ့ပြောင်း လုပ်သား မိသားစုဝင်များ အတွက် အခမဲ့ နေ့ကလေးထိန်းကျောင်းသို့ သွားရောက်လေ့လာကြရာ MMF မှ   Miss.Paphi Thayar  နှင့် တာဝန်ရှိသူများ၊ သင်တန်းတာဝန်ခံ မ ဆဲလ်မူလာ  နှင့် မသန်းသန်းထွေးတို့မှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားပြီးနောက် ကော်မတီမှ အလှူငွေ နှစ်ထောင်ဘတ်အား ထည့်ဝင်လှူဒါန်းကြသည်။

အဆိုပါ နေ့ကလေးထိန်းကျောင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ရင်သွေးငယ်များအား အသက် (၃)နှစ်မှ (၅)နှစ် အထိ တာဝန်ယူစောင့်ရှောက်ပေးပြီး နေ့စဉ်မြန်မာလုပ်သားများလုပ်ငန်းခွင်ဝင်ချိန်မှ အလုပ်သိမ်းချိန်အထိ နံနက်စာ ထမင်း-ဟင်း အပါအ၀င် အာဟာရ (၃)ကြိမ်ကျွေးမွေးပြုစုခြင်း၊
မြန်မာနှင့် ထိုင်းစာ အခြေခံသင်ပုန်းကြီးများအား သင်ကြားပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထိုင်းနိုင်ငံအခြေခံဥပဒေပါ ကလေးသူငယ်အခွင့်အရေးများ ရရှိအောင်ဆောင်ရွက်ပေးခြင်း လုပ်ငန်းများအား အခမဲ့ဆောင်ရွက်ပေးလျှက်ရှိကာ လက်ရှိ မြန်မာရင်သွေးငယ် (၂၄)ဦးအား ထိန်းသိမ်းပြုစုပေးလျှက်ရှိကြောင်း သိရသည်။

ထို့နောက် ကော်မတီဝင်များသည် မဲ့ယောင်းရပ် မူးအန်းမြို့ ချင်းရိုင်းခရိုင်တွင် တည်ရှိသော MMF ရုံးသို့ သွားရောက်လေ့လာကြပြီး အစည်းအဝေးခန်းမတွင် MMF ၏ ဆောင်ရွက်ချက်များ ၊ CNCMC ၏ ဆောင်ရွက်ချက်များအား အပြန်အလှန် ရှင်းလင်းပြော ကြားကြပြီးနောက် MMF နှင့် CNCMC တို့ ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းကြပါသည်။

အဆိုပါ MMF အဖွဲ့သည် CNCMC ကော်မတီမှ ဆောင်ရွက်လျှက်ရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးဆိုင်ရာများ ၊ ထိုင်းနိုင်ငံအတွင်းမြန်မာရွှေ့ပြောင်းလုပ်သားများ ဥပဒေမဲ့ပြုကျင့်ခံရမှုများအား ယခင်ကလည်း CNCMC ကော်မတီနှင့် ပူးပေါင်းကူညီ ဆောင်ရွက် ပေးလျှက်ရှိပြီး  ထိုင်းနိုင်ငံအတွင်းရောက်ရှိ နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအပါအ၀င် မဲခေါင်မြစ်ဝှမ်းဒေသပြည်သူများ၏ အခွင့် အရေးများအား ကူညီဆောင်ရွက်ပေးလျှက်ရှိသော စေတနာ့ ၀န်ထမ်းအဖွဲ့အစည်း တစ်ခုလည်းဖြစ်ကြောင်း သိရှိရသည်။

သတင်း ။  ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~