ကျွန်တော်ဒီရက်ပိုင်း facebook မှာရော ပတ်ဝန်းကျင်မှာပါ ကြားမိတာ ထိတ်လန့်၊ တုန်လှုပ်စရာ (၈/၉)တန်း ကျောင်းသူလေးတွေကို လူကုန်ကူးမှုတဲ့။ ဒီလိုအဖြစ်အပျက်တွေ ဘာကြောင့်များ ဖြစ်ရသလဲပေါ့။ တကယ့်ကို မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ အကြောင်းတွေပါ။ ဒီအရွယ်ဆိုတာ အသက်(၁၈)နှစ် မပြည့်သေးတဲ့ ဥပဒေအရ ကလေးသူငယ်အရွယ်ပါ။
တစ်ချို့ကျတော့လည်း ပြောကြတာ ကျောင်းသူလေးတွေ စာမလိုက်နိုင်လို့တဲ့ အခု (၄/၈)တန်းမှာ အစိုးရစစ်ပြောင်းမှာ ဖြစ်တဲ့အတွက် စာမလိုက်နိုင်မယ့်အတူ အလုပ်ထွက်လုပ်မယ်ဆိုပြီး စိတ်ကူးတဲ့အခါ ပတ်ဝန်းကျင်မှာ တစ်ခါတည်း အလုပ်အကိုင်ပေးမယ် ငွေကြေးပေးမယ်ဆိုပြီး လိမ်လည်လှည့်ဖျား ရောင်းစားဖို့ စောင့်နေတဲ့ သူနဲ့တွေ့တာပါဘဲတဲ့။ ကျွန်တော်ထုံးစံအတိုင်း ထင်မြင်ယူဆချက်လေးတွေနဲ့ ပညာပေးဆောင်းပါးလေးအဖြစ် ရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ကလေးငယ်လေးတွေ လူကုန်ကူးခံရမှု အဓိက အကြောင်းအရင်းက Side နှစ်ဘက်ရှိပါတယ်။ကလေးဘက်က ချို့ယွင်းမှုတွေရှိနေလို့ သားကောင်အဖြစ် သတ်မှတ်ခံရမှုနဲ့ လူကုန်ကူး မုဆိုးတွေရဲ့ ဈေးကွက်လိုအပ်မှုအရ ငယ်ရွယ်တဲ့သူများကို ပစ်မှတ်ထား လူကုန်ကူးခြင်းဖြစ်တယ်။ ငယ်ရွယ်တဲ့ သူတွေကို အဓိကပစ်မှတ်ထား လူကုန်ကူးခံရခြင်းဟာ ကလေးတွေဘက်က ပညာသင်ကြားလိုခြင်း မရှိလို့၊ မိသားစု စီးပွားရေးရိုက်ခတ်မှု၊ ပတ်ဝန်းကျင် ရိုက်ခတ်မှု စသဖြင့်ပေါ့ဗျာ။ လူကုန်ကူးမုဆိုးတွေအတွက် ဈေးကွက်လိုအပ်ချက်အရ အလုပ်စေခိုင်းရန်၊ အဓိကတော့ လိင်ကုန်ကူးရန် အတွက်ဖြစ်ပါတယ်။
တာချီလိတ်မြို့ပေါ်မှာ နေထိုင်တဲ့ လူဦးရေအများစုဟာ စီးပွားရှာဖွေဖို့အတွက် တာချီလိတ်ကို ရောက်ရှိလာတဲ့ သူတွေများပါတယ်။ ဒီတော့ လူတွေဦးနှောက်ထဲမှာ စီးပွားရေးပြီးရင် စီးပွားရေးပါဘဲ၊ ဒီတော့ ဒီပတ်ဝန်းကျင်မှာ မွေးဖွားလာတဲ့ သူတွေဟာလဲ ဒီအတွေးအခေါ်တွေနဲ့ အယူအဆရဲ့ ထိုးနှက်ချက်တွေကြောင့် အရွယ်မရောက်ခင် ငွေကြေးရှာဖွေဖို့စဉ်းစားကြတယ်။
အရင်တုန်းကဆို ပိုဆိုးပါတယ်။ အတန်းပညာနည်းနည်းလောက်တတ်ပြီး စာဖတ်တတ်ရင် ယိုးဒယားပို့ပြီး အလုပ်လုပ်ခိုင်းမယ် ယိုးဒယားစကားနဲ့ စာတတ်ရင် အလုပ်ကောင်းကောင်းရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ဦးနှောက်ထဲ သံမှိုစွဲထားကြတာပါ။ အဲ့ဒီတွေးအခေါ်တွေက ဒီနေ့အထိ ကျန်နေတာကို တွေ့ရပြန်တယ်။ ဒါပေမယ့် အခုနောက်ပိုင်း မိဘတော်တော် များများဟာ သားသမီးကို ပညာတတ်စေချင်ကြတယ်၊ မိမိတို့ ငွေကြေးကို ပင်ပင်ပန်းပန်းရှာဖွေပြီး ရလာတာကို သားသမီးပညာရေးမှာမြှုပ်နှံမှု အနေနဲ့ ပြုလုပ်လာတာကိုလည် တွေ့ရပါတယ်။
ဒီနေ့ခေတ် ကလေးတွေပညာကို သင်ယူနေရာမှာ စိတ်ပါဝင်စားမှုမရှိခြင်းဟာ လူကုန်ကူး သားကောင်ဖြစ်ရန် အတွက် အဓိကအကြောင်းအရာတွေ ဖြစ်တယ်။ လူငယ်တွေ ပညာကိုလိုချင် တက်မြောက်လိုမှု နည်းပါးတော့ ပြဿနာတတ်ပြီလေ မိဘက ပိုက်ဆံရှာပြီး သားသမီးကို ပညာတတ်အောင် သင်ကြားစေချင်ပေမယ့် ယူမယ့် သားသမီးဘက်က ပညာကို လိုချင်တပ်မက်စိတ်နဲ့ ပညာကို အထင်ကြီးလေးစားစိတ် မရှိခြင်းကြောင့်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ခေတ်ကာလမှာ တာချီလိတ် အခြေအနေနဲ့ ဘယ်ပညာ၊ ဘယ်ဘွဲ့ရရ အလုပ်အကိုင် အခွင့်အလမ်းကို အကျိုးသက်ရောက်မှု သိပ်မရှိလို့ပါဘဲ။ ရန်ကုန်လိုမြို့ကြီးမှာဆို အလုပ်အကိုင် ကောင်းကောင်းလိုချင်ရင် အနည်းဆုံး(၁၀)တန်းအောင်၊ ဘွဲ့ရ၊ LCCI၊ ကွန်ပျူတာ လက်မှတ်စသည်ဖြင့်တို့ပေါ့။
ကျွန်တော်တို့ တာချီလိတ်မှာ ယိုးဒယားစာနဲ့ တရုတ်စာတတ်ရင် ဗမာစာကောင်းကောင်း မဖတ်တတ်တောင် အလုပ်ရနိုင်တယ်လေ။ လက်ရှိ အနေအထားအရ ကျွန်တော်တို့ တာချီလိတ်မှာ အလုပ်လိုအပ်မှုပုံစံနဲ့ အတန်းပညာတတ်မြောက်မှုနဲ့ မဆိုင်သလိုဖြစ်နေတော့ သူတို့အနေနဲ့ အထင်ကြီးမှု မရှိဘူးဆိုတာ မှန်ပါတယ်။ ဟိုတယ်မှာ အလုပ်သွားလျှောက်လို့ ထိုင်းစာတတ်မှု၊ တရုတ်စာတတ်မှုကို အဓိကထားကြည့်တာ သူဟာသူ ဘယ်ဘွဲ့ရရ သိပ်ဂရုစိုက်ကြတာ မဟုတ်ဘူး။ နောက်ပြီး မြို့ရဲ့ အလုပ်သမား (၉၀%)ဟာ အခြေခံလူတန်းစား အလုပ်တွေဖြစ်နေတဲ့အတွက် ပညာတတ် အလုပ်သမားတစ်ဦးရဲ့ အလုပ်ရရှိနိုင်မှုဟာလဲ တော်တော်နည်းပါးပါတယ်။
ဒီအတွက်ကြောင့် လူငယ်အများစုဟာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ တို့ကို ထွက်ခွာ အလုပ်လုပ်ဖို့ တွေးတော ကြံဆတော့တာပေါ့။ လူကုန်ကူးခံ သားကောင်တွေဟာ အရွယ်မျိုးစုံဖြစ်နိုင်ပေမယ့် များသော အားဖြင့်တော့ ငယ်ရွယ်တဲ့ လူငယ်တွေဖြစ်ပြီး အမျိုးသမီးတွေ အဖြစ်များပါတယ်။ အမျိုးသမီးကို လူကုန်ကူးတာကတော့ အဓိက လိင်ကုန်ကူးရန်ဖြစ်ပါတယ်။ အရင်တုန်းကတော့ ထိုင်းနိုင်ငံကို အဓိကထား လူကုန်ကူးပေမယ့် အခုနောက်ပိုင်း ကျွန်တော်တို့ ဒေသမှာ တရုတ်နိုင်ငံဘက်၊ မိုင်းလားဘက်ကို လူကုန်ကူးမှုတွေ ရှိလာပါတယ်။ ဒီလို လူကုန်ကူးခြင်းခံရသူတွေဟာ အသက်ငယ်ရွယ်ပျိုမျစ်တဲ့ လူငယ်တွေဖြစ်ပြီး အဓိကတော့ အမျိုးသမီးလေးတွေဖြစ်နေပါတယ်။
ဒါတွေဟာ ကျွန်တော်တို့ဒေသအတွက် တော်တော် အန္တရာယ်ကြီးတဲ့ အခြေအနေပါ။ ဘာကြောင့်လဲ ဆိုတော့ တာချီလိတ်ဒေသအတွင်း လူဝင်ရောက်မှုမှာ အမျိုးသမီးဆိုရင် အသက်(၂၅)နှစ် ကန့်သတ်မှုတွေရှိပါတယ်။ ဒါပေမယ့် ဒေသအတွင်းက ပြန်လည် ထွက်ခွာမှုတွေကိုတော့ ကန့်သတ်ထားခြင်း မရှိပါဘူး။ လူကုန်ကူးခြင်းကို နယ်စပ်ဒေသဖြစ်တဲ့ အတွက် ထိုင်းနိုင်ငံကိုသာ အားလုံး အာရုံစိုက်နေတဲ့ အချိန် မထင်မှတ်ဘဲ မိုင်းလားလို တရုတ်နိုင်ငံကို လူကုန်ကူးမှုဟာ ဘယ်လောက်တောင် လူကုန်ကူးခြင်းခံရပြီးလဲဆိုတာ မသိနိုင်တဲ့ အခြေအနေပါ။
တရုတ်နိုင်ငံဟာ လူကုန်ကူးဖို့ ဈေးကွက်မျိုးစုံ ရှိတဲ့နိုင်ငံပါ။ တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံက လူကုန်ကူးခံရသူ အများစုဟာ တရုတ်အမျိုးသားများနှင့် အိမ်ထောင်ပြုရန်နဲ့ ဂျီနီးဗားစာတမ်းမှာပါတဲ့ လူ့ကျင့်ဝတ်ဖေါက်ဖျက်မှု ကျွန်အဖြစ်ခိုင်းစေရန်အတွက်ဖြစ်ပါတယ်။ နောက်ထပ် ခန္ဓာကိုယ် အစိတ်အပိုင်းရောင်းချခြင်း စသဖြင့် ဈေးကွက်ပေါင်းစုံရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒေသအတွင်းက ကလေးသူငယ်တွေနဲ့ အမျိုးသမီးငယ်လေးတွေ အတွက် အနာဂါတ်ဘ၀ အတွက် စိုးရိမ်စရာဖြစ်လာပါပြီ။ အရင်က တရုတ်ကိုလူကုန်ကူးမှုဟာ ပြည်မဘက်က စီးဝင်ပေမယ့်။ အခုတော့ ကျွန်တော်တို့ ရှမ်းပြည်ဘက် ပစ်မှတ်ထားလာပြီဖြစ်ပါတယ်။
လူကုန်ကူးသူတွေဟာ သူတို့ဈေးကွက် လိုအပ်ချက်အရ ရှာဖွေရာမှာ အလွယ်တကူရနိုင်မှုနဲ့ အန္တရာယ်ကင်းမယ့် လမ်းကြောင်းတွေကို ရွေးချယ်လေ့ရှိပါတယ်။ ကျွန်တော်တို့ဒေသက အပြင်ထွက်သူကို စီစစ်မှု သိပ်မရှိတာကတစ်ကြောင်း၊ တရုတ်ပြည်ဘက်ကူးဖို့ လမ်းကြောင်းတွေများစွာ လွတ်လပ်နေတာက တစ်ကြောင်း သူတို့ဟာ ကျွန်တော်တို့ဒေသဘက် ဦးတည်လာတယ်လို့ထင်တယ်။ တရုတ်နိုင်ငံမှာ ယောက်ျားလေး ဦးရေများပြားခြင်းကြောင့် လက်ထပ်ဖို့ သတိုးသမီးဈေးကွက်ဟာ တော်တော် ခေတ်စားနေတာပါ။ ဗီယက်နမ်နိုင်ငံဆိုရင် တရုတ်နိုင်ငံရဲ့ အမျိုးသမီး တရားဝင်လက်ထပ်ခေါ်ယူ ပေါင်းသင်းမှု အများဖြစ်နေတဲ့နိုင်ငံပါ။
တရုတ်နိုင်ငံဟာ ကျွန်တော်တို့ အရှေ့တောင်အာရှအတွင်းနိုင်ငံကို နည်းပေါင်းစုံနဲ့ ခြိမ်းခြောက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ သူတို့နိုင်ငံရဲ့ လိုအပ်ချက် မှန်သမျှကို ဘေးပတ်ဝန်းကျင်နိုင်ငံက အလကားလောက် နီးနီးနဲ့ ဖြည့်သွင်းနေပြီး ဒေသတွင်းနိုင်ငံတွေကိုတော့ ဈေးပေါပေါနည်းပညာလုပ်ပစ္စည်းတွေနဲ့ ကိုလိုနီချဲ့နေတာပါ။
သူတို့အနောက်နိုင်ငံကို ပို့တဲ့ပစ္စည်းတစ်ခုနဲ့ ကျွန်တော်တို့ နိုင်ငံကို ခိုးသွင်းတဲ့ပစ္စည်း ယှဉ်ကြည့်ပါ။ ယုတ်စွအဆုံး တရားဝင်လမ်းကြောင်းနဲ့ ၀င်လာတဲ့ ကုန်ပစ္စည်းနဲ့ တရားမ၀င်လမ်းကြောင်းနဲ့ ၀င်တဲ့ပစ္စည်း ယှဉ်ရင်တောင် မတူပါဘူး။ သူက ဘေးပတ်ဝန်းကျင်နိုင်ငံကို ပစ္စည်းနဲ့ ကိုလိုနီချဲ့ပြီး သဘာဝသယံဇာတတွေ ခိုးသွင်းယုံတင် မဟုတ်တော့ဘူး။ လူတွေပါ ကျွန်အဖြစ်ခိုင်းစေဖို့ ခိုးသွင်းနေပြီဆိုတော့ ကျွန်တော်တို့ တော်တော် ဂရုစိုက်ရမဲ့ အခြေအနေဖြစ်လာပါပြီ။ ဒါကြောင့် ကျွန်တော်တို့ နောက်ထပ်နောက်ထပ် မျိုးဆက်တွေ လုံခြုံတဲ့ ဥပဒေပြုမှုတွေ အကာအကွယ်ပေးမှုတွေ လိုအပ်တဲ့အချိန် ကျရောက်ပြီဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။
ဆောင်းပါး ။ ။ မင်းသုတ