ကျောင်းသား၊ ကျောင်းသူ ၃၄၃၀ဦး ရှိသည့် အ.ထ.က(တာချီလိတ်)အား တစ်နေ့လျင် စာသင်ချိန် (၇)ချိန်ဖြင့် တစ်သုတ်တက်ကျောင်းအဖြစ် သတ်မှတ်

ကျောင်းသား၊ ကျောင်းသူ ၃၄၃၀ဦး ရှိသည့် အ.ထ.က(တာချီလိတ်)အား တစ်နေ့လျင် စာသင်ချိန် (၇)ချိန်ဖြင့် တစ်သုတ်တက်ကျောင်းအဖြစ် သတ်မှတ်
နိုဝင်ဘာ 11, 2014
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း အခြေခံပညာအထက်တန်း ကျောင်းများအနက် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် ဦးရေ စုစုပေါင်း (၃၄၃၀)ဦးရှိသည့် မကာဟိုခမ်းရပ်ကွက် အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)အား ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၁၂)ရက်နေ့မှ စ၍ တစ်သုတ်တက်ကျောင်းအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အ.ထ.က(တာချီလိတ်)တွင် နိုဝင်ဘာလ(၁၂)ရက်မှ စ၍ ကျောင်းတက်ချိန်အား တစ်သုတ်တက်ကျောင်း အဖြစ် မူလတန်းမှ အထက်တန်းအထိ တပြေးညီ သတ်မှတ်လိုက်ပြီးနောက် ကျောင်းတက်ချိန်အား နံနက်(၈း၃၀)နာရီမှ (၈း၄၅)နာရီအချိန်ထိ တန်းစီချိန်သတ်မှတ်ထားကာ စာ စတင်သင်ကြားမှုအချိန်ကို နံနက်(၉)နာရီမှ စပြီး ကျောင်းဆင်းချိန်အား ညနေ(၃း၃၀)နာရီအချိန် ထိ သတ်မှတ်ထားကြောင်း သိရသည်။

တစ်သုတ်တက်ကျောင်းအဖြစ် သတ်မှတ်ပြီးနောက် စာသင်ချိန်တစ်ချိန်လျှင် (၄၅)မိနစ်သတ်မှတ်ထားပြီး တစ်ရက်သာ စာသင်ချိန်စုစုပေါင်းမှာ (၇)ချိန်ရှိမှာ ဖြစ်ကြောင်း သိရသည်။

ယခုလို တစ်သုတ်တက်ကျောင်းအဖြစ် သတ်မှတ်မှုနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူ လူဦးရေ နည်းပါးစဉ်အခါ ၁၉၉၈ - ၁၉၉၉ ခုနှစ် နောက်ပိုင်းတုန်းက တသုတ်တက်အဖြစ် သတ်မှတ်ခဲ့ဖူးကြောင်း ထိုမှတဆင့် (၇)တန်းမှ (၁၀)တန်းအထိကို ၂၀၀၆ခုနှစ်ခန့် အထိ တစ်သုတ်တက်အဖြစ် သတ်မှတ်ထားပြီးနောက် ၂၀၀၆ခုနှစ် နောက်ပိုင်းမှ နှစ်သုတ်တက်အဖြစ် တပြေးညီသတ်မှတ်လိုက်ပြီး၊ ယခု ၂၀၁၄ခုနှစ်ကုန်ခါနီးမှာ အားလုံးတစ်ပြေးညီ တစ်သုတ်တက်အဖြစ် သတ်မှတ်လိုက်တာဖြစ်ကြောင်း ရှေ့မီနောက်မီ အထက်တန်းဆရာမ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အ.ထ.က(တာချီလိတ်)တွင် ကျောင်းသား၊ ကျောင်းသူ ဦးရေမှာ များပြားလာလျက်ရှိပြီး ကျောင်းခန်းများမှာ ယခင်က မလုံလောက်ခဲ့သည့်အတွက် နှစ်သုတ်တက်အဖြစ် သတ်မှတ်ခဲ့ရပြီး ယခုအခါမှာ တိုးချဲ့ကျောင်းဆောင်များ ဆောက်လုပ်ပြီးသည်ဖြစ်သည့်အတွက် စာသင်ခန်းပေါင်း (၆၅)ခန်းရှိပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၄၃၀)ဦးရှိသည့် အဆိုပါ ကျောင်းတွင် နိုဝင်ဘာလ(၁၂)ရက်နေ့မှ စ၍ တစ်သုတ်တက်အဖြစ် စတင်တော့မှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~