၂၀၁၅ ဖျာတစ်ချပ်အတွက် နိုင်ငံရေး အခင်းအကျင်း

၂၀၁၅ ဖျာတစ်ချပ်အတွက် နိုင်ငံရေး အခင်းအကျင်း
နိုဝင်ဘာ 6, 2014
By Tachileik News Agency

ကျွန်တော်နိုင်ငံရေးအကြောင်း သိပ်ရေးလေ့မရှိဘူး၊ ကျွန်တော် ကျွမ်းကျင်မှုမရှိဘူးလို့ ထင်မြင်မိလို့ပါ။ ကျွန်တော်စဉ်းစားမိတဲ့ အချက်က ခပ်ညံ့ညံ့နိုင်ငံသားတွေဖြစ်နေလို့ ခပ်ညံ့ညံ့ အစိုးရနဲ့တွေ့တာ၊ ကျွန်တော်တို့ နိုင်ငံသားတွေ တော်နေရင် အစိုးရလဲ လိုက်မတော်စရာ အကြောင်းမရှိဘူး လို့ ယူဆမိပါတယ်။ ဒါကြောင့် စဉ်းစားမိသမျှကို ပြန်လည်မျှဝေပေးတဲ့ အနေနဲ့ ဒီနေ့နိုင်ငံရေးအခြေအနေကို စဉ်းစားမိတာလေးတွေ ဝေဖန်သုံးသပ်ရင်း ရေးသားလိုက်ရပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ နေ့စဉ်နဲ့အမျှ သတင်းတွေက အမြဲ မရိုးရအောင် ဖြစ်ပေါ်နေကြတာကို စာဖတ် ပရိတ်သတ်ကြီးလည်း သိမှာပါ။ ပထမဆုံး ဧရာဝတီအရေး၊ နောက်ပြီး လက်ပံတောင်းတောင် မီးဗုံး၊ အဲ့ဒီနောက် ( ၄၃၆၊ ၅၉(စ) )တို့ပြင်ဆင်ဖို့ အုတ်အော်သောင်းနင်း တစ်နိုင်ငံလုံးဖြစ်ပေါ်နေချိန် ဦးစံလင်းရဲ့ ခေါင်းလောင်းကြီး ပေါ်လာပါတယ်၊ သိပ်မကြာခင်မှာဘဲ လွှတ်တော်ထဲ လွှတ်တော်ဥက္ကဌကြီးက ဆီးသီးဘန်း မှောက်တယ်၊ ပြီးတော့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံသား နှစ်ဦးကိစ္စ၊ သတင်းထောက် ကိုပါကြီး သေဆုံးမှု၊ နောက်ပြီး (၄)ပွင့်ဆိုင် မဟုတ်ဘဲ (၉)ပွင့်ဆိုင်ဖြစ်သွားတယ်။

ကျွန်တော် အားလုံးကို ခြုံငုံသုံးသပ်လိုက်ရင် (၈)ပူးလို့ခေါ်တဲ့ (၈၈)မျိုးဆက်ကျောင်းသားအဖွဲ့ဟာ ပြဿနာရပ်တိုင်းမှာ ၀င်ပါလေ့ ပါထမရှိပေမယ့် လူထုတိုက်ရိုက်ထိတွေ့မှုနဲ့ လူထုအကျိုးကျေးဇူးအတွက် လမ်းပေါ်မှာ လူထုအင်အားပြတဲ့ နေရာမှာတော့ တော်တော်ကို ကျွမ်းကျင်လိမ္မာမှုရှိတယ်ဗျာ၊ သူတို့ရဲ့ Power ကိုနေရာတိုင်းမှာ မပြဘူး။ လူထုတိုက်ရိုက် အကျိုးကျေးဇူးရှိမယ့်နေရာနဲ့ နိုင်ငံရေးသမားများ အတွက် အခွင့်အလမ်းနဲ့ အခွင့်အရေး အခြေအနေ ဖြစ်ပေါ်လာနိုင်မှုကို လိုက်ပြီး ပြည်သူတွေအပေါ် ခေါင်းဆောင်နိုင်မှု အရည်အချင်းကို ထုတ်ဖေါ်နိုင်မှုကိုတွေ့ရတယ်။

ဒီလိုဘဲ NLD ရဲ့ လှုပ်ရှားမှုတွေကိုကြည့်ရင် ဘာသတိထားမိလဲဆိုတော့ ပြည်သူ့ခေါင်းဆောင်နိုင်မှု အရည်အချင်းတွေ ရှိတယ်ဗျာ၊ ပြည်သူတွေ သူတို့နောက်က ဘယ်လောက် လိုက်ပါကြတယ်ဆိုတာကို လိုအပ်တဲ့ အချိန်တိုင်းမှာ ပြသနိုင်တယ်။

ပြည်ခိုင်ဖြိုးအစိုးရ အခုအစိုးရသက်တမ်းတစ်လျှောက် ပြည်သူလူထုအုံကြွလာအောင် လုပ်ပြတဲ့ မျက်လှည့်မျိုးတော့ မတွေ့ရသေးဘူး။ ဒါပေမယ့် သူ့ကိုလဲ အထင်သေးလို့ မရနိုင်ဘူး၊ ဦးဌေးဦးလို လူမျိုးက (၂၀၁၅)ရွေးကောက်ပွဲကို မကြောက်ပါဘူးတဲ့ သူ့နောက်မှာလည်း ပြည်သူတွေရှိပါတယ်တဲ့။ သူ့အနေနဲ့ သူ့နောက်မှာ ဘယ်လိုပြည်သူတွေ Follow လိုက်တယ်ဆိုတာ အင်အားပြအနေနဲ့ တစ်ခါမှ ထုတ်ဖော်ပြတာ မရှိပေမယ့် ဘယ်အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ (၂၀၁၅)အတွက် မျက်လှည့်ပြမလဲဆိုတာ မသိနိုင်ဘူးလေ။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား ဒုတိယအကြိမ် မြန်မာနိုင်ငံလာဖို့ တာဆူနေတဲ့ အချိန်မှာ အိုဘားမားက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဘယ်လို ဖုန်းဆက်လိုက်လဲ မသိဘူး နေ့ချင်းညချင်းကို မြန်မာနိုင်ငံရဲ့ Key Player တွေ တွေ့ဆုံတော့တာဘဲ။

ဦးသိန်းစိန်ကလဲ (၂၀၁၅)ရွေးကောက်ပွဲ မတိုင်ခင် အပစ်အခတ်ရပ်စဲရေး ရအောင်လုပ်ပြီး နိုင်ငံရေး ဆွေးနွေးဖို့ မူတွေ ချမှတ်နိုင်အောင်ကြိုးစားမယ်လို့ တစ်ခါတည်းပြောလိုက်တာဘဲ။ ဒီပုံစံအတိုင်းဆို တော်တော် အခြေအနေကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အနေနဲ့ နောက်ရွေးကောက်ပွဲမှာ အခြေအနေ ကောင်းသွားတာပေါ့။ ဒီအစိုးရလက်ထက်မှာ ချမှတ်ထားတဲ့ တိုင်းရင်းသားအားလုံး ပါဝင်လာမယ့် နိုင်ငံရေးမူဝါဒတွေရေးဆွဲဖို့က အစကနဦး သူကိုယ်တိုင် ပါဝင်ရေးဆွဲသွားမှာဖြစ်တဲ့အတွက် Main Point တွေမှာ ဘယ်လိုခင်းကျင်းပြီး တိုင်းရင်းသားတွေနဲ့ ဘယ်လို အပေးအယူ အလျှော့အတင်း လုပ်မယ်ဆိုတာ တော်တော်စိတ်ဝင်စားရမယ့် အချက်ဗျ။

ဒီဟာတွေ သေချာသုံးသပ်ရင် နိုင်ငံရေး အခင်းအကျင်းမှာ စစ်သားတွေဟာ မညံ့ဘူးဆိုတာပေါ်လွင်တယ်။ အချိန်နဲ့တစ်ပြေးညီ လှုပ်သာလှည့်သာမယ့် ပေါ်လစီတွေကို ရေးဆွဲနိုင်ပြီး အခြေအနေအရပ်ရပ်ကို ဖန်တီးနိုင်တဲ့ အခြေအနေ သူ့လက်ထဲမှာရှိအောင် ပြုလုပ်နိုင်တယ်လို့ယူဆတယ်။

အရင်တုန်းက (၄)ပွင့်ဆိုင်တောင်းဆိုနေကြတာ တစ်ကိုယ်တော် တောင်းဆိုတဲ့ သူကိုတောင် မျက်စိနောက်လို့ ထောင်ထဲပို့လိုက်ပြီး။ ဒီအခြေအနေမှာ မဖြစ်နိုင်တော့ဘူးလို့ ထင်ပေမယ့် တကယ်တမ်း လိုအပ်တဲ့အချိန်မှာ (၄)ပွင့်မကဘူး လိုအပ်သလောက်ကို တစ်ခါတည်းစုရုံးပြီး သူဘာလုပ်မယ်ဆိုတာ ချက်ချင်းချပြနိုင်တယ်။

(၄)ပွင့်ဆိုင်ရဲ့ အဓိက မျှော်မှန်းချက်က ခြေ/ဥ ပြင်ဆင်ဖို့ဘဲ၊ ဒါပေမယ့် ဒီအချိန်မှာ အရေးအကြီးဆုံးက ခြေ/ဥ ထက် တိုင်းရင်းသားတွေနဲ့ သေနတ်ကျည် မထွက်ဖို့အရေး ပိုအရေးကြီးတယ်၊ တစ်ကမ္ဘာလုံးကလည်း လိုလားစွာနဲ့ စောင့်ကြည့်နေကြတယ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာဖို့နဲ့ နိုင်ငံတကာအကူအညီရဖို့က ခြေ/ဥထက် တိုင်းရင်းသား လက်နက်ကိုင်အရေးက ပိုအရေးကြီးတယ်ဆိုတာ ချပြပြီး နိုင်ငံရေး အခင်းအကျင်းကို ချက်ချင်းပြောင်းလဲပစ်နိုင်တယ်။

ဒီဟာတွေအားလုံးကို သုံးသပ်ကြည့်ရင် အတိုက်အခံ အင်အားစုတွေဖြစ်တဲ့ ဒီမိုအင်အားစုတွေနဲ့ အရပ်ဝတ် အစိုးရအဖွဲ့နဲ့ ဘာတွေ ကွဲလွဲသလဲဆိုတာ ဒီမိုအင်အားစုတွေဟာ သူတို့လိုချင်မှုတစ်ခုကို ရဖို့ ပြည်သူကို လမ်းပေါ်တင်ပြီး အင်အားပြနိုင်သလို၊ အရပ်ဝတ်အစိုးရအဖွဲ့ကလဲ အခြေနေနဲ့ အချိန်အခါအရ နိုင်ငံရေး အခြေအနေကို လိုသလိုပြုပြင်ပြောင်းလဲပြီး ပေါ်လစီတွေချပြနိုင်တယ်ဆိုတာပါဘဲ။

ဒီမှာ ဒီမိုအဖွဲ့က ခြေ/ဥပြင်ဖို့ကြံတိုင်း အကြောင်းအရာ(Title)တစ်ခုချချပြပြီး သူတို့က ပြန်ဦးဆောင်သွားတာ ကြည့်ရင် (၂၀၁၅)မှာ အခြေအနေဘယ်လိုရှိပြီး နိုင်ငံရေး အခင်းအကျင်း ဘယ်လို လာမလဲဆိုတာ တော်တော်စိတ်ဝင်စားစရာဗျ။

ဒီမိုတွေရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တွေဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးဘဲ အာရုံစိုက်နေတဲ့ အချိန်မှာ တစ်ဖက်က အရပ်ဝတ်အစိုးရအနေနဲ့ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး ချိန်သားကိုက်  ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်လာတယ်။

(၂၀၁၅)မှာ နိုင်ငံရေးပေါ်လစီတွေကို ဒီမိုအဖွဲ့တွေနဲ့ အရပ်ဝတ်အစိုးရအဖွဲ့တို့ ဘယ်လိုပုံစံခင်းကျင်းပြီး ဘယ်လိုပုံစံ လူထုကို ဦးဆောင်မလဲဆိုတာ စောင့်ကြည့်ကြပါစို့......။

ဆောင်းပါး ။  ။ မင်းသုတ
ကာတွန်း ။ ဇောင်းညီ

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~