တာချီလိတ်မြို့၊ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် ၂၀၁၄ခုနှစ် အောက်တိုဘာလ(၂၆)ရက် ညနေ(၅း၃၀)နာရီအချိန်ခန့်က စိတ်ကြွဆေးပြာများနှင့်အတူ တရားခံအား ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။
မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ် ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် ယာဉ်သွား၊ ယာဉ်လာများအား ရှာဖွေစစ်ဆေးမှုများကို ပူးပေါင်း၍ ဆောင်ရွက်နေကြစဉ် တာလေမြို့ဘက်မှ တာချီလိတ်ဘက်သို့ အားယုံ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်၏ ဝဲဘက် ကာဘာအနောက်ရှိ တူးဘောက်ထဲတွင် မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိရကြောင်း သိရသည်။
ရှာဖွေတွေ့ရှိရာတွင် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၁၉၅၀)ပြား နှင့်အတူ မူးယစ်ဆေးဝါးရောင်းချရငွေ (၅၁၈၀၀၀)ကျပ်တို့အား တွေ့ရှိရာ အဆိုပါ အဖွဲ့မှ သိမ်းဆည်းပြီး မူးယစ်ဆေးဝါးများအား ရောင်းချရန် လက်ဝယ်တွေ့ရှိသူအား တာချီလိတ်မြို့မရဲစခန်းတွင် အရေးယူဆောင်ရွက်နိုင်ရန်အတွက် မယ(ပ)၁၃၃/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)ဖြင့် အမှုဖွင့်ထားရှိကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ သတင်းရရှိသည်။