တာချီလိတ်မြို့မ (၀မ်ကောင်း)ဈေးရှိ ပျံကျဈေးခုံတန်းများ နေရာပြန်လည်ချထားပေးရေး အထူးဆွေးနွေး

တာချီလိတ်မြို့မ (၀မ်ကောင်း)ဈေးရှိ ပျံကျဈေးခုံတန်းများ နေရာပြန်လည်ချထားပေးရေး အထူးဆွေးနွေး
အောက်တိုဘာ 28, 2014
By Tachileik News Agency

တာချီလိတ်မြို့မ(၀မ်ကောင်း)ဈေးရှိ ပျံကျဈေးခုံတန်းများနှင့် ပတ်သက်၍ အမှန်တကယ် နေရာချထားပေးရန် လိုအပ်သည့် ဈေးအုတ်ခုံ အရေအတွက်များကို စိစစ်စာရင်းပြုစုပြီး၍ ပြန်လည်တင်ပြခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်း စသည့် ကိစ္စရပ်များအတွက် ယနေ့ ၂၀၁၄ခုနှစ် အောက်တိုဘာလ(၂၈)ရက် နံနက်ပိုင်းက တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနရုံးတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ နှင့် ဈေးကော်မတီတို့မှ တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးမှုတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံ နှင့် အတွင်းရေးမှူး ဦးကျော်ဇင် အပါအ၀င် ကော်မတီအဖွဲ့ဝင်များ၊ အင်ဂျင်နီယာမှူး ဦးလှမျိုးနှင့် ရုံးအဖွဲ့များ၊ မြို့မဈေးကော်မတီ ဥက္ကဋ္ဌ ဦးမဲ၊ ဈေးခုံတန်းစာရင်းပြုစုသော အဖွဲ့ဖြစ်သည့် ဦးစိန်လွင်၊ ဦးတင်လှိုင်၊ ဦးသန်းဦးတို့မှ တွေ့ဆုံကြပြီး ဈေးခုံတန်း နေရာကိစ္စများ၊ စိစစ်ပြီးသော စာရင်းများကို တင်ပြဆွေးနွေးကြသည်။

ထိုသို့ ဆွေးနွေးတင်ပြမှုများတွင် ဈေးအုတ်ခုံတန်းများနှင့် ပတ်သက်၍ အထူးတောင်းဆိုနေကြသော (၈၆)ဦးအဖွဲ့အတွက် ဈေးခုံတန်းကိစ္စများ အပါအ၀င် သွပ်ရုံတန်း၊ (A)ရုံ၊ ငါးတန်း၊ အာခါတန်း နှင့် "ခိုင်"တည်းခိုခန်းအတန်း စသည့် ပျံကျခုံတန်းများအတွက် အသေးစိတ်ဆွေးနွေးတင်ပြခဲ့ကြပြီး ယခုဆွေးနွေးမှုအပြီးတွင် အဆင့်(၃)ဆင့်ဖြင့် လုပ်ငန်းအပြီးပြတ် အကောင်အထည်ဖော်ရန် အထူးတလည် ဆွေးနွေးခဲ့ကြသည်။

၎င်းတို့ ဆုံးဖြတ်လိုက်ကြသော အဆင့်(၃)ဆင့်တွင် ယခုအစည်းအဝေးပြီးသွားပြီးနောက် ပထမအဆင့် အနေဖြင့် မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီနှင့်တွေ့ဆုံကာ စိစစ်တွေ့ရှိထားပြီးဖြစ်သော ပျံကျအုတ်ခုံတန်း စာရင်းများကို ချပြကာ ဈေးနှုန်းညှိနှိုင်းခြင်းများကို ဆောင်ရွက်သွားမှာဖြစ်ပြီး၊ ဒုတိယအဆင့်အနေဖြင့် သက်ဆိုင်ရာ ပျံကျအုတ်ခုံတန်းအလိုက် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေး သွားမှာဖြစ်ကြောင်း နှင့် တတိယအဆင့်အနေဖြင့် ပထမ အဆင့် နှစ်ဆင့် ညှိနှိုင်းဆွေးနွေးမှုများ ကျေလည်ပြီး အဆင်ပြေသွားပါက (၇)ရက်အတွင်း ပျံကျဈေးသူ၊ ဈေးသားများနှင့် သက်ဆိုင်ရာတို့ နောက်ဆုံးအဆင့် တွေ့ဆုံညှိနှိုင်းမှုကို အောင်မြတ်ခန်းမတွင် ပြုလုပ်သွားမှာဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးထိန်မင်း၏ ပြောကြားချက်အရ သိရသည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးထိန်မင်း က"ကျွန်တော်တို့ အဆင့်(၃)ဆင့်ခွဲပြီး ညှိနှိုင်းဆွေးနွေးသွားကြမှာဖြစ်ပါတယ်၊ ပထမအဆင့်အနေနဲ့ကတော့ ကုမ္ပဏီနဲ့တွေ့မယ်၊ ဒုတိယအဆင့် ကတော့ အုတ်ခုံတန်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်၊ အဲ့ဒီ အဆင့်(၂)ဆင့်ကို ဆွေးနွေးညှိနှိုင်းတဲ့အခါမှာ  ရှောရှောရှုရှုနဲ့ အဆင်ပြေတယ်၊ ကျေလည်တယ်ဆိုရင်တော့ တတိယအဆင့်ဖြစ်တဲ့ နောက်ဆုံးအဆင့် အောင်မြတ်ခန်းမမှာ ပျံကျအုတ်ခုံတန်း ဈေးသူ၊ ဈေးသားအားလုံးနဲ့ တွေ့ဆုံပြီး ညှိနှိုင်းကြမှာဖြစ်ပါတယ်၊ အောင်မြတ်ခန်းမမှာ တွေ့ဆုံဖို့ကတော့ ပထမအဆင့် နှစ်ဆင့်မှာ ကျေလည်တယ် အဆင်ပြေတယ်ဆိုရင်တော့ ဒီတစ်ပတ်ထဲမှာဘဲ ဖြစ်သွားနိုင်ပါတယ်.."ဟု တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။

တာချီလိတ်မြို့မ(၀မ်ကောင်း)ဈေးကြီး အသစ်ပြန်လည် တည်ဆောက်နေမှု၏ ပြီးစီးမှုအခြေအနေသည် (၁၀၀)ရာခိုင်နှုန်းနီးပါးရှိနေပြီး မကြာမီတွင် ဖွင့်လှစ်တော့မှာ ဖြစ်သည့်အတွက် ပျံကျအုတ်ခုံတန်း ဈေးသူ၊ ဈေးသားများမှ ၎င်းတို့၏ နေရာအား အမြန်ဆုံးရရှိရေးအတွက် တောင်းဆိုနေကြသည့် နည်းတူ စည်ပင်သာယာရေးကော်မတီ နှင့် သက်ဆိုင်ရာများမှလည်း နေရာအမြန်ဆုံး ပြန်လည်ချထား ပေးရေး ကိစ္စရပ်များကို အထူးအလေးထား ဆွေးနွေးနေလျက်ရှိကြောင်းလည်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။  ။ မင်းအေးငြိမ်းဈေ
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~