တာချီလိတ်မြို့မဈေးမှ နေရာပြန်လည်ရလိုသော ပျံကျဈေးသည်များ၏ သတင်းစာရှင်းလင်းပွဲ

တာချီလိတ်မြို့မဈေးမှ နေရာပြန်လည်ရလိုသော ပျံကျဈေးသည်များ၏ သတင်းစာရှင်းလင်းပွဲ
အောက်တိုဘာ 2, 2014
By Tachileik News Agency

တာချီလိတ်မြို့မဈေးအား ယခုအခါမှာ အဆင့်မြှင့်တင် ဆောက်လုပ်မှုပြီးစီးလုဖြစ်နေချိန်တွင် ဈေးစတင် ဖြစ်ပေါ်လာချိန် ကတည်းက စတင်၍ ဈေးရောင်းချလာသော ဈေးသည်များနှင့် ဈေးရောင်းသက်တမ်း အနည်းဆုံး (၁၅)နှစ်အထက်ရှိ အပြင်တန်းပျံကျဈေးသည်များနှင့် အချို့ဈေးသည်များသည် မိမိတို့၏ ဆိုင်နေရာများကို ပြန်လည်ရရှိရေးနှင့် ဈေးနှုန်းသင့်တင့်လျောက်ပတ်သည့် သတ်မှတ်နှုန်းထားများဖြင့် ချထားပေးရေးအပြင် လက်ရှိဈေးကော်မတီအား ပြောင်းလဲဖွဲ့စည်းနိုင်ရန် စသည့် ပျံကျဈေးကိစ္စများနှင့် ပတ်သက်ပြီး အပြင်တန်းပျံကျဈေးသည် (၈၆)ဦးမှ ဦးဆောင်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်အား စက်တင်ဘာလ (၃၀)ရက် နံနက်(၁၀)နာရီမှ မွန်းလွဲ(၁)နာရီအချိန်ထိ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလှခင်မှ တာချီလိတ်ဈေးသစ် အဆင့်မြင့်တည်ဆောက်မှုအခြေအနေနှင့် အပြင်တန်း(၈၆)နေရာ ပြန်လည်မရရှိသေးသည့် ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

မြို့မဈေး၏ ဈေးကော်မတီနှင့် ပတ်သက်၍ ဦးမြင့်စိုးမှ"ယခင်က (၅)ပေတစ်ခုံကို (၅)ဘတ်၊ ခုတော့ (၅)ပေတစ်ခုံကို (၁၀)ဘတ်နဲ့ တိုးမြှင့်ကောက်ခံနေတာကို တွေ့ရပါတယ်၊ ဆိုင်ကယ်စတန်းမှာဆိုရင်လည်း ယခင်နှစ်ကဆိုရင် (၅)ဘတ်၊ ယခုနှစ်မှာတော့ (၇)ဘတ် ဆတိုးပြီးတော့ ကောက်ခံနေတာကို တွေ့ရပါတယ်၊ ဒါကတော့ ဈေးကော်မတီရဲ့ သြဇာအာဏာကို လက်ဆုပ်လက်ကိုင်ထားပြီး ကျင့်သုံးနေတာပဲဖြစ်ပါတယ်၊  ဈေးကော်မတီဟာ အရင် စည်ပင်အမှုဆောင်အရာရှိနဲ့ ပူးပေါင်းပြီးတော့မှ ဈေးဆောက်လုပ်ပြီးသွားရင် လုံးလုံးနေရာမရအောင် ရည်ရွယ်ချက်ရှိရှိ ယနေ့ အချိန်ထိ လုပ်ဆောင်နေတာဖြစ်တယ်၊ ၁၀.၁၂.၂၀၁၃ရက်နေ့က အောင်မြတ်ခန်းမမှာ ကျင်းပတဲ့ ဈေးဆောက်လုပ်ရေး ညှိနှိုင်းအစည်းအဝေးမှာလည်း အတွင်းဘက်က ဈေးသူဈေးသားဘဲ ခေါ်တယ်၊၊ အပြင်ဘက်က ဈေးသူဈေးသားမပါဘူး၊ နောက်ပြီးတော့ ဆုံးဖြတ်ချက် ချမယ်ဆိုရင်လည်း သူတို့နည်း သူတို့ဟန်နဲ့ပဲ ဆုံးဖြတ်ချက်ချခဲ့တယ်၊ ဆိုင်ခန်းအခွန်တွေ၊ ဆိုင်ခန်းနှုန်းထားတွေလည်း သူတို့ဘာသာ သတ်မှတ်တဲ့ နှုန်းထားနဲ့လုပ်တယ်၊ အတွင်းတန်းရော၊ အပြင်တန်းရော ဈေးသူဈေးသားတွေနဲ့ ညှိနှိုင်းမှု တစ်ခုမှမပါဘူး၊ အတွင်းထဲက ဆိုင်ခန်းတွေနဲ့ အပြင်ပျံကျဆိုတာ အပြင်ဘက်က ဆိုင်ခန်းက အများဆုံးပဲ အင်အားလည်း အများဆုံး၊ နိုင်ငံတော်ကို တရားဝင်အခွန်ဆောင်တာလည်း အပြင်ဘက်က အများဆုံးဘဲ၊ ပျံကျဆိုတာမှာလည်း ကျွန်တော်တို့က ပုံသေပျံကျ၊ ရိုးရိုးက ခေါင်းရွက်ဗြတ်ထိုး ပျံကျ ဒါပေမဲ့ ကျွန်တော်တို့က ဈေးသူဈေးသားတွေပဲ၊ ကျွန်တော်တို့ (၈၆)ဦး တောင်းတယ်ဆိုတာက ကျွန်တော်တို့က နိုင်ငံတော်ကို တရားဝင် အခွန်ဆောင်ထားတယ်၊ စာအုပ်တွေလည်း အကုန်ရှိတယ်၊ လစဉ်ကြေး၊ နှစ်စဉ်ကြေးတွေလည်း အကုန်ရှိတယ်၊ ဒါတွေကိုလည်း အကုန်လုံး သိပြီးသားဖြစ်ပါတယ်၊ ဈေးကော်မတီဆိုတာက ယခင် တုန်းက အတွင်း(၃)ဦး အပြင်(၃)ဦး ပေါင်း(၆)ဦးနဲ့ဖွဲ့စည်းထားတာ အခုချိန်မှာတော့ ဈေးကော်မတီ အတွင်း(၃)ဦးနဲ့ပဲ ကော်မတီတစ်ရပ်အနေနဲ့ ဖွဲ့စည်းထားတာ ၊ ဈေးကော်မတီက ဈေးစဆောက်လုပ်ကတည်းက ယနေ့အချိန် ဈေးသူဈေးသားဘက်က လုံးဝမရပ်တည်ဘူး၊ အောင်မြတ်ခန်းမမှာ မဲနှိုက်တယ်၊ ကျွန်တော်တို့ ဈေးသူဈေးသားဘက်က တစ်ယောက်မှ သွားမနှိုက်ဘူး၊ မနှိုက်တာက မနှိုက်ချင်လို့မဟုတ်ဘူး၊ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူလို့ မနှိုက်တာ"ဟုရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့မဈေးတည်ဆောက်ထားမှုမှာ Drawing Site Plan နှင့် လက်တွေ့ဆောက်လုပ်ထားမှု ကွဲလွဲနေခြင်းအပြင် လက်ရှိဆိုင်ခန်းများ၏ အခန်းအကျယ်အ၀န်းများအား သတ်မှတ်ထားသည်ထက် ဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍ ဦးဇင်ဦးက သုံးသပ်ပြောဆို ရှင်းလင်းပြောကြားသည်။

ဈေးဆိုင်ခန်းနှုန်းထားများအား သတ်မှတ်ထားမှုနှင့် အမြတ်များစွာကျန်ရှိနေမှု စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍  ကုမ္ပဏီမှ အရှုံးပေါ်ကြောင်း စည်ပင်ရုံး၌ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားလာသည့်အတွက် ဒေါ်သောင်းမလေး က သတင်းစာရှင်းလင်းပွဲတွင် ဈေး၏ တစ်ခန်းချင်းစီ အလိုက်၊ အကျယ်အ၀န်းအလိုက်များကို တွက်ချက်ပြပြီးနောက် ဈေးဆောက်လုပ်ပြီးသွားပါက ကုမ္ပဏီအနေဖြင့် ကျပ်သိန်းပေါင်း(၅)သောင်းကျော် အမြတ်ငွေကျန်မှာဖြစ်ကြောင်း စသည်ဖြင့် ဈေး၏ အမြတ်ငွေများကို တွက်ချက်၍ ရှင်းလင်းပြောကြားသည်။

ဈေးသူ၊ဈေးသားများ၏ မူလနေရာရရှိရေး အဆိုပြုတင်ပြချက်နှင့် တောင်းဆိုချက်များကို ဦးမြင့်အောင် က ဆိုင်နေရာ(၈၆)ခန်းအတွက် ယနေ့ အချိန်ထိ တစ်ပြားတစ်ချပ်မှ ပေးသွင်းခွင့်မရှိသေးကြောင်း၊ အပြင်တန်းပျံကျဈေးသည်များအတွက် မိသားစုဦးရေမှာ (၅၀၀)အထက် ရှိသည့်အတွက် ဆိုင်ခန်းများ ပြန်မရပါက မိသားစုများ၏ စားဝတ်နေရေးမှာ ခက်ခဲလာမှာဖြစ်ကြောင်းနှင့် မိသားစုများသည် ဆိုင်ခန်းများပေါ်မှာ အခြေခံ၍ စားဝတ်နေရေးအတွက် ပူပန်နေရသည့် အတွက်ကြောင့် ဆိုင်ခန်းများအား သတ်မှတ်ထားသည့် နှုန်းအတိုင်း ပြန်လည်ရရှိစေလိုကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပျံကျဈေးသူ ဈေးသားများအနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်မှု လုပ်ငန်းစဉ်များကို ဦးခင်မောင်ဦး က ယခု ဈေးသစ်ကြီးတည်ဆောက်မှ ပျံကျဈေးသည်များအတွက် နေရာပျောက်နေကြောင်း၊ ယခု ဈေးသစ်ကြီး တည်ဆောက်မှ ပျံကျဈေးသည်အချင်းချင်း၊ ၀န်ထမ်းအချင်းချင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း စိတ်ဝမ်းကွဲမှုဖြစ်နေရကြောင်း၊ ယခင်က ပျံကျ(၈၆)ခုံအား ကျပ်(၁၀)သိန်းနှုန်း သတ်မှတ်ခဲ့ပြီးမှ ယခုအခါ ကျပ်သိန်း(၃၀)သတ်မှတ်လိုက်ကြောင်း၊ ဈေးသစ်တည်ဆောက်၍ ဈေးသည်များ အခန်းများရ၍ ကောင်းစွာဈေးရောင်းရတော့မည်ကို ကြိုတင်ဝမ်းသာနေကြသော်လည်း နေရာတစ်ခုမှ မရရှိသေးကြောင်း၊ နေရာပေးပြန်သော်လည်း (၃x၆)ပေ၊ (၃x၅)ပေဖြစ်နေတော့ (၃x၅)ပေမှာ ဘယ်လိုမှ ရောင်းစားလို့ မရတဲ့ပုံစံမျိုး ဖြစ်နေကြောင်း၊ လက်ရှိ(၂)ခန်းရှိနေသူဟာ (၄)ခန်းဖြစ်နေပြီး၊ (၁)ခန်းရှိနေသူသည် (၂)ခန်းဖြစ်နေကြောင်းနှင့် နိုင်ငံတော်သမ္မတကြီး၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလမ်းညွှန်ချက်နှင့်အညီ မျှမျှတတသာ ဖြစ်စေလိုကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားသည်။

အဖွဲ့ခေါင်းဆောင်များမှ ရှင်းလင်းပြောကြားမှုအပြီးမှ တက်ရောက်လာသည့် သတင်းမီဒီယာများ၊ ဧည့်သည်များ၊ ဈေးသူ၊ဈေးသားများ စသည့်ပုဂ္ဂိုလ်များမှ မေးခွန်းများမေးရာ အဖွဲ့ခေါင်းဆောင်များမှ ပြန်လည်၍ ဖြေကြားခဲ့ကြသည်။

အဖွဲ့ခေါင်းဆောင်များမှ ရှင်းလင်းပြောကြားမှုအပြီးမှာ သတင်းစာရှင်းလင်းပွဲ၏ ဆုံးဖြတ်ချက်များနှင့် ရှေ့ဆက်လက်လုပ်ဆောင်မည့် အချက်အလက်များကို အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလှခင်က  "(၁) (၁၀)ပေ ပတ်လည် (၄၃)ခန်း ချထားပေးဖို့ တောင်းဆိုပါတယ်၊ (၂) ကျွန်တော်တို့အပေါ်မှာ (၃x၅)ပေ အခန်းတွေဖွဲ့ပြီးတော့ သတ်မှတ်ထားတဲ့ ငွေပေးသွင်းရေးကို ကျွန်တော်တို့ လုံးဝ ကန့်ကွက်လက်မခံနိုင်ကြောင်း ငြင်းဆိုပါတယ်၊ (၃) ကျွန်တော်တို့သည် အခု တောင်းဆိုချက်များကို ရရှိအောင် လိုအပ်လာရင် ပြည်သူ့ဆန္ဒဖော်ထုတ်ပြီးတော့ နိုင်ငံသားတစ်ယောက်ရဲ့ အခြေခံဥပဒေပါ အခွင့်အရေးနဲ့အညီ တရားဝင် ခွင့်ပြုချက်ရယူပြီးတော့ ဆန္ဒထုတ်ဖော်ဖို့ကိုလည်း ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်၊ သည့်အပြင် ဒီအစည်းအဝေးက ပေါ်ထွက်လာတဲ့ ဆုံးဖြတ်ချက်တွေ၊ တောင်းဆိုချက်တွေကို နိုင်ငံတော် သမ္မတကြီး အမှူးပြုတဲ့  ပြည်ထောင်စု အဆင့်မှ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ပေးဖို့လည်း ကျွန်တော်တို့ စာများဖြင့် တောင်းဆိုတင်ပြမှာဖြစ်ပါတယ်၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့လည်း Email နဲ့ တင်ပြပြီးတော့ အမြန်ဆုံး ကျွန်တော်တို့အပေါ်မှာ အဆုံးအဖြတ်ပြုဖို့ တောင်းဆိုသွားမှာဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုရင် ဒီစည်ပင်ကော်မတီကနေပြီးတော့ (၁၅)ရက်အတွင်း မလာရင် အခန်းမဲနှိုက်ပေးထားတာကို ပယ်ဖျက်မယ်လို့ ပြောထားပါတယ်၊ နိုင်ငံသားတစ်ယောက် ပြည်သူပြည်သား တစ်ယောက်ကို တွေ့ဆုံဆွေးနွေးခြင်းမရှိပဲ သူတို့ရဲ့ သဘောအလျောက် ချမှတ်ထားတာကို လုံးဝ ငြင်းဆိုကြောင်း ဒီနေရာကနေပဲ ကြေညာပါတယ်.."ဟု ပြောဆို ကြေညာသွားသည်။

သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ပျံကျဈေးသည်များထဲမှ သွပ်မိုးရုံအုတ်ခုံ(၅)ပေပတ်လည် ဈေးသည်(၃၃)ဦး အဖွဲ့ခေါင်းဆောင် အမျိုးသမီးတစ်ဦးက နေရာမရရှိသေးသည့် ကိစ္စနှင့် ပတ်သက်၍ ယခင် စည်ပင်အရာရှိမှ ပြောဆိုခဲ့သည့် အကြောင်းအရာများနှင့် ၎င်းတို့၏ ခံစားချက်များကို ရင်ဖွင့်ပြောဆိုလာသည်။

ဆက်လက်၍ တက်ရောက်လာသည့် ဧည့်သည်များထဲမှ ဦးဝင်းစွမ်က "(၁၀)ပေ ပတ်လည် တစ်ခန်းကို ဘတ်(၁၅)သိန်းနဲ့ ရောင်းတဲ့ကိစ္စ၊ အုတ်၊ကျောက်၊သဲ စရိတ်တွေကို တွက်ကြည့်မယ်ဆိုရင် (၁၀)ပေ ပတ်လည်မှာ ဘတ်(၇၀၀၀၀)လောက်ပဲ ကုန်မှာ၊ အခုက အခန်းတစ်ခန်းကို (၁၅)သိန်းနဲ့ဆိုတော့ အဆပေါင်း အများကြီးရှိနေပြီ ဒါကို ရှုံးတယ်ဆိုတော့ တော်တော်လေး အံ့သြတယ်၊ အခုက အများပြည်သူပိုင်တဲ့ မြေပေါ်မှာ ဆောက်လိုက်တဲ့ အဆောက်အဦတစ်ခုကို ဒီလောက်နဲ့ ရောင်းတာတောင် ရှုံးတယ်လို့  ပြောလိုက်တဲ့ စကားဟာ ကျွန်တော်တို့ ပြည်သူတစ်ယောက်အနေနဲ့ တော်တော်လေးကို ရယ်ချင်ပါတယ်၊ အခုတော့ သူတို့ ဆန္ဒထုတ်ဖော်ဖို့အတွက်ပါ ပြောလာပြီ၊ အဲ့ဒီတော့ သက်ဆိုင်ရာ အာဏာပိုင်များကလည်း ဒီအတိုင်းပဲ ကြည့်မနေသင့်တော့ဘူးလို့ ထင်တယ်၊ တကယ်လို့ ဒါကြီးက ဖြစ်လာခဲ့ရင် အဲ့ဒီ အပူတွေက အားလုံးကို ကူးစက်ကုန်မှာ၊ အဲ့ဒီတော့ ကျွန်တော်တို့ မြို့မှာ ဒါမျိုးတွေ အဖြစ်မခံနိုင်ပါဘူး..."ဟု ၀င်ရောက် ပြောဆို ဆွေးနွေးသည်။

ဒေသထွက် အသီးအနှံများကို နှစ်ပေါင်း (၂၀)ကျော်ကတည်းက ဖြစ်သလို ရောင်းချလာသည့် တိုင်းရင်းသား အဘွားအိုများအတွက် နေရာ ပြန်လည်ရရှိရေးနှင့် ပတ်သက်၍  ဦးခင်မောင်တင့်က "ဘိုးစဉ်ဘောင်ဆက် ဆီမီးခွက်လေးတွေနဲ့ မီးထွန်းပြီး ဈေးရောင်းခဲ့တဲ့ အဘွားအိုတွေအတွက်ရော ဘယ်သူတွေက စဉ်းစားပေးမှာလဲ၊ ပျံကျ ဈေးသည်ဆိုတာ ဈေးအဆောက်အဦ တစ်ခုရဲ့ အသက်သွေးကြောပါ၊ ပျံကျဈေးသည်တွေ ရောင်းတဲ့ ပစ္စည်းက လူထုရဲ့ စားသုံးကုန်ဖြစ်တာပါ၊ လူထုရဲ့ အခြေခံ လိုအပ်ချက်၊ ဒေသထွက် စားစရာတွေ၊ အသီးအနှံတွေ၊ အဲ့ဒီဈေးသူဈေးသားတွေအတွက် ထည့်စဉ်းစားပေးဖို့ တိုက်တွန်းပါတယ်"ဟု တိုက်တွန်းပြောကြားလာသည်။

ပျံကျဈေးသည်များ၏ သတင်းစာရှင်းလင်းပွဲမှ ကြွေးကြော်သံ


ဆက်လက်၍ ပျံကျဈေးနေရာ ပြန်လည်ရရှိရေး ကိစ္စရပ်များနှင့် ပတ်သက်၍ တက်ရောက်လာသည့် သတင်းမီဒီယာများ၊ ဧည့်သည်တော်များ၊ ဈေးသူ၊ ဈေးသားများမှ မေးမြန်းခဲ့ကြပြီးနောက် တရားဝင် ခွင့်ပြုမိန့် ရရှိထားသည့်အတိုင်း (၁) (၈၆)ခန်းနေရာကိစ္စ ပြေလည်မှုရရှိသည် အထိ ဈေးဆောက်လုပ်မှု ယာယီဆိုင်းငံ့ထားရန်၊ (၂) ကိုယ်ကျိုးရှာ ဈေးကော်မတီများ ချက်ချင်းအရေးယူပေးရန်၊ (၃) မိမိတို့ တောင်းဆိုသည့်အတိုင်း (၈၆)ခန်းနေရာ ချထားပေးရေး၊ (၄) ဈေးသစ်ဆောက်လုပ်မှု လုပ်ငန်းတစ်ခုလုံးကို စုံစမ်းစစ်ဆေးပေးရန် စသည့် ကြွေးကြော်သံများကို တစ်ပြိုင်နက်တည်း ရွတ်ဆိုခဲ့ကြသည်။

သတင်း။  ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့မဈေးရှိ ပျံကျဈေးသည်များ နေရာရရှိရေးအတွက်.........

39 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~