တာချီလိတ်မြို့ မြန်မာ - ထိုင်း ၀င်ပေါက်တစ်ခုဖြစ်သည့် အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ်တွင် ကားမှန်များတွင် စတေကာ အမဲရောင်ကပ်၍ ဖြတ်သန်းသွားလာနေသော ကုန်ပစ္စည်းတင် ကားအသေးစားများနှင့် တာချီလိတ်ဘက်ရှိ တံတားပေါ်တွင် မော်တော်ဆိုင်ကယ်များ စည်းကမ်းမဲ့ကာ ရပ်တန့်ထားမှုများကို ယနေ့ အောက်တိုဘာလ (၁)ရက်နေ့မှစ၍ စတင်ရှင်းလင်း အရေးယူနေပြီ ဖြစ်ကြောင်း သိရသည်။
အမှတ်(၁)တံတားပေါ်တွင် နိုင်ငံခြားသားများ ၀င်ရောက်မှုများမှာ နေ့စဉ်နှင့်အမျှ ရှိနေပြီး တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်းသယ် ယာဉ်များအပြင် ဈေးဝယ် နှင့် အလည်အပတ်သွားသည့်အခါ အသုံးပြုသည့် မော်တော်ယာဉ် အမျိုးမျိုးတို့ သွားလာလျက်ရှိရာ တံတားပေါ်တွင် ရပ်တန့်ထားရှိသော ဆိုင်ကယ်များ၊ ကားများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများနှင့် လူသွားလူလာ အခက်အခဲများ ဖြစ်ပေါ်နေသည့်အတွက် တာချီလိတ်ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ယနေ့ အောက်တိုဘာလ (၁)ရက်နေ့မှ စ၍ ရှင်းလင်းနေပြီး မလိုက်နာသူများအား အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
"တံတားပေါ်က လူတွေက သက်ဆိုင်ရာ လူကြီးတွေ ညွှန်ကြားသွားတဲ့အခါ ခဏပဲ လုပ်လိုက်တယ်၊ နောက်ပိုင်းတော့ ပုံမှန်အတိုင်းပဲ ပြန်ဖြစ်လာတယ်၊ နောက်ပိုင်း တစိုက်မတ်မတ်နဲ့ လိုက်နာဆောင်ရွက်တာ မရှိတော့ဘူး၊ သဘောကတော အထက်လူကြီးစကားကို မလေးစားတဲ့ သဘောမျိုးဖြစ်နေတယ်၊ အဲ့ဒီအခါကျတော့ ဒီတံတားပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေ ပြန်ရပ်တာတွေ များလာပြန်တယ်၊ တကယ်ဆိုရင် တာဝန်သိသိနဲ့ တစိုက်မတ်မတ်လုပ်ရမှာ၊ ရေရှည် တစိုက်မတ်မတ်လုပ်ရင် ဒီစည်းကမ်းကို ပြည်သူလူထုကလည်း အမှန်တကယ် လိုက်နာကြမှာပါ"ဟု တာလော့ဈေးသည် တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
တာချီလိတ်မှ ထိုင်းဘက်သို့ သွားရောက်မည့် မြန်မာနိုင်ငံသားများ အနေဖြင့် တံတားကူးလက်မှတ် သို့မဟုတ် တံတားကူး စာအုပ်များကို ပြုလုပ်သည့်အခါ မိမိတို့၏ ကား/ဆိုင်ကယ်များအား စည်းကမ်းမဲ့စွာ တံတားပေါ်တွင် ရပ်တန့်ခဲ့ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများနှင့် အသွားအလာပြုနေသော နိုင်ငံခြားသားများ အပါအ၀င် ပြည်သူများအတွက် အနှောင့်အယှက်ဖြစ်စေသည့်အတွက် တံတားကူးလက်မှတ် ပြုလုပ်သူများ အနေဖြင့် မိမိတို့၏ ယာဉ်များကို တံတားပေါ်တွင် ရပ်တန့်ခဲ့ခြင်းကို ရှောင်စေလိုပြီး တံတားအောက်တွင်သာ ရပ်တန့်ရမှာဖြစ်ကြောင်းနှင့် စည်းကမ်းသတ်မှတ်ချက်များကို မလိုက်နာပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ခရိုင်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ သိရှိရသည်။
ယင်းအပြင် ကုန်ပစ္စည်းသယ်ယာဉ်တစ်ချို့သည် ၎င်းတို့၏ ယာဉ်များရှိ မှန်များကို အမဲရောင်စတေကာများ ကပ်ထားသည့်အတွက် ကားအတွင်း မည်သည့်ပစ္စည်းများ သယ်ဆောင်လာသည်ကို အလွယ်တကူ စစ်ဆေးနိုင်ရန်နှင့် ဒေသလုံခြုံရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ယနေ့မှစ၍ စီစစ်တွေ့ရှိရသည့် ယာဉ်များ၏ မှန်စတေကာများကို ပြန်ခွာရန် အသိပေးထားကြောင်းလည်း သိရသည်။
"တံတားပေါ်မှာ တကယ်ကို ရှင်းလင်းပေးဖို့ လိုနေပြီ၊ မြန်မာအထွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာလဲ ဆိုင်ကယ်တွေရပ်ထားတယ်၊ လူသွားလူလာများလာတဲ့ လမ်းပိတ်ဆို့မှုဖြစ်လာတော့ တချို့ဆိုရင် အဲ့ဒီဆိုင်ကယ်တွေကို ကျော်ခွပြီး တစ်ဖက်လမ်းကို ကူးကြရတယ်၊ တံတားပေါ်က တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်နိုင်ရင် ကောင်းမှာပဲ၊ ထိုင်းဘက်မှာဆိုရင် သူတို့ဘက်က ဌာနတွေလည်း သူတို့ကိုယ်တိုင် စည်းကမ်းလိုက်နာကြတယ်၊ "ဟု တံတားအနီးရှိ လုပ်ငန်းရှင် တစ်ဦးကလည်း ပြောလာသည်။
"တံတားပေါ်မှာက အများဆုံး ရပ်တာက တံတားပေါ် တာဝန်ကျတဲ့ ၀န်ထမ်းတွေရဲ့ ဆိုင်ကယ်တွေ များတယ်၊ တံတားပေါ်က ၀န်ထမ်းတွေကိုယ်တိုင် စည်းကမ်းလိုက်နာဖို့ လည်းလိုတယ်၊ ကျွန်တော်တို့ပဲ လိုက်နာလို့မဖြစ်ဘူး၊ တံတားပေါ်က ၀န်ထမ်းတွေရဲ့ ဆိုင်ကယ်တွေ ရပ်ထားတဲ့နေရာမှာ တခြားလူတွေလည်း မသိမသာ လာရပ်ကြတော့ အခုလို ဆိုင်ကယ်ရပ်တာတွေ ဖြစ်လာတာ၊"ဟု အမှတ်(၁) ချစ်ကြည်ရေးတံတား အနီးရှိ ဆိုင်ကယ် Taxi ပြေးဆွဲသူ တစ်ဦးက ပြောပြလာသည်။
ခရိုင်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ရွှေနန်းတော်လမ်းတစ်လျှောက် တစ်လမ်းသွားအဖြစ် သတ်မှတ်ထားရှိပြီးအပြင် ယခုအခါမှာ တံတားပေါ်တွင် ယာဉ်ရပ်တန့်မှုများနှင့် ပစ္စည်းသယ်ယာဉ် အသေးစားများ စတေကာအမဲ ကပ်ထားမှုများကိုလည်း အရေးယူတော့မည်ဖြစ်ကြောင်း သိရှိရသည်။