တာချီလိတ်မြို့ရဲ့ သဘာဝပတ်ဝန်းကျင် နှင့် သဟဇာတ

တာချီလိတ်မြို့ရဲ့ သဘာဝပတ်ဝန်းကျင် နှင့် သဟဇာတ
အောက်တိုဘာ 2, 2014
By Tachileik News Agency

သဘာဝပတ်ဝန်းကျင်ဆိုတာ အလိုအလျောက် ဖြစ်တည်နေသော ပတ်ဝန်းကျင်။ သဟဇာတဆိုတာ လိုက်လျောညီထွေမှု။ ဒီနှစ်ခုထဲမှာ တစ်ခုခု ပျက်စီးယိုယွင်းနေပြီဆိုရင် ကျွန်တော်တို့ဟာ နေထိုင်လို့ မသင့်တော်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နေရပြီဖြစ်ပါတယ်။

ဒီနှစ်ပိုင်းတွေမှာဆိုရင် ကျွန်တော်တို့ ပတ်ဝန်းကျင်နေထိုင်ရာ ဒေသတွေဟာ ဖြစ်လေ့ဖြစ်ထထက် ပိုမိုပြင်းထန်တဲ့ ဘေးအန္တရာယ် ဒုက္ခတွေ ပိုမိုထိတွေ့ ခံစားမိတယ်ဆိုတာ အားလုံးအသိပါဘဲ။ ကျွန်တော်တို့ ဘေးအန္တရာယ် ဒုက္ခတွေဟာ လူကြောင့်ဖြစ်ပေါ်ရတဲ့ ဘေးအန္တရာယ်နဲ့ သဘာဝကြောင့်ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်ဆိုပြီး နှစ်မျိုးရှိတဲ့အနက် ကျွန်တော်တို့ တာချီလိတ်မှာတော့ ယေဘုယျအားဖြင့် သဘာဝကြောင့်ဖြစ်ပေါ်တဲ့ ဘေးအန္တရာယ်တွေ ပိုအဖြစ်များတာတွေ့ရပါတယ်။

ကျွန်တော်တို့ဒေသမှာ ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းနဲ့ စသည်ဖြင့် မျိုးစုံဖြစ်နေကြတာပါ။ တကယ်တမ်း သေသေချာချာ စဉ်းစားကြည့်လိုက်တော့ ကျွန်တော်တို့ ကြုံရတဲ့ဘေးဒုက္ခတွေဟာ ငလျင်လှုပ်တာက လွဲရင် ကျန်တာ လူကြောင့်ဖြစ်တယ်လို့ သုံးသပ်လို့ရပါတယ်။ အဓိက အကြောင်းအရင်းက ကျွန်တော်တို့တွေ သဘာဝတရားကို မချစ်ခင်တတ်ကြလို့ တန်ဖိုး မထားတတ်ကြလို့ပါဘဲ။

ဒီနှစ် တာချီလိတ်ရေကြီးမှုဟာဆိုရင် ထူးထူးခြားခြား တစ်ကြိမ်နဲ့တစ်ကြိမ် ဆက်တိုက်ကိုဖြစ်ပေါ်စေတာပါ။ ရေကြီးမှု မတိုင်ခင်က မြေပြိုမှုဖြစ်တယ် လူ(၇)ဦးတစ်ခါတည်း အသက်ဆုံးရှုံးလိုက်ရတယ်။ ဟုတ်ပြီ ဘာကြောင့်ဒီလို အတိဒုက္ခတွေ ဆက်တိုက်ကြုံတွေ့ နေရလဲစဉ်းစားကြည့်တော့ ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင်ကို မထေမဲ့မြင်ပြုမူကြလို့ပါဘဲ။

ကျွန်တော်တို့ မြို့ဟာ ကြီးမားကျယ်ပြန့်လာတာနဲ့အမျှ မြေကွက်တွေဖေါ်၊ တိုက်တွေဆောက်ကြတယ်။ ကျွန်တော်တို့ဟာ နှစ်စဉ်ရေကြီးမှုတွေကြုံတွေ့ရတဲ့ အတွက်ကြောင့် တစ်ပွဲထိုးကုသနည်းနဲ့ အိမ်ဆောက်တဲ့အခါ တောင်တွေဖြိုပြီးမြေကွက်တွေ မြေဖို့ကြတယ် သဘာဝအတိုင်းရှိနေတဲ့ တောင်တွေဟာ ပုံမှန်အားဖြင့် မိုးရွာချခြင်းကြောင့် သူတို့ဟာ မိုးရေကို စုပ်ယူထားရှိကြတယ်။

တောင်ဖြိုခြင်းကြောင့် ရေစီးကြောင်းတွေပြောင်းပြီး မြေပြင်ရဲ့ရေစုပ်ယူမှုအားဟာ ဆုတ်ယုတ်လာတဲ့ အတွက် မိုးရေနဲ့အတူ မြေစာတွေကို သယ်ယူလာပြီး ကျွန်တော်တို့မြို့ထဲမှာ စုပုံပို့ချထားတာ အခုရေကျသွားချိန်မှာ နုန်းတွေနွံတွေဆယ်ယူရတာ လက်တွေ့ပါဘဲဗျာ။

ဒါဆို စာဖတ်ပရိတ်သတ်က တစ်ခုမေးစရာရှိလာမယ်။ ရော်ဘာပင်တွေ စိုက်ထားတာဘဲ။ တောင်တွေ ကတုံးမဟုတ်တော့ပါဘူး။ မှန်သင့်သလောက် မှန်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဘိုးဘွားလက်ထက်က သဘာဝတရားနဲ့မှ မတူတာ ရော်ဘာပင်ဆိုတာ စနစ်တကျ စိုက်ပျိုးထားပေမယ့် ရော်ဘာပင်ရဲ့ အောက်ခြေတွေမှာ ခြုံနွယ်တွေမရှိဘူးလေ။ ပုံမှန်အားဖြင့် သဘာဝသစ်ပင် ခြုံနွယ်တွေဟာ နွေရာသီမှာ ခြောက်သွေ့ကုန်တယ်၊ မိုးရာသီရောက်တော့ မိုးရေစိုစွတ်မှုကြောင့် မြေဆီလွှာဖြစ်ပေါ်စေပြီး မိုးရေကို စုပ်ယူစုဆောင်းထားရှိတယ်။

ရော်ဘာပင်တွေရဲ့အောက်ခြေမှာ သဘာဝသစ်ပင်ခြုံနွယ်တွေ မရှိခြင်းကြောင့် မြေဆီလွှာဖြစ်တည်မှု မရှိတော့တဲ့အတွက် မြေပြင်ဟာ မိုးရေကို သူစုပ်ယူနိုင်သလောက်သာ စုပ်ယူပြီး ကျန်တာ မြင့်ရာမှ နိမ့်ရာကို စီးဆင်းလာတယ်။ စီးဆင်းမှု ဧရိယာကျယ်ပြန့်လာတဲ့အမျှ ရေပမဏဟာလဲ ပိုမိုများပြားလာပြီး ရေစီးကြောင်းတစ်လျှောက် နုန်းတွေမြေတွေ သယ်ဆောင်လာပါတယ်။

မိုင်းကိုးမှာ ဘာကြောင့်ရေကြီးသလဲ ရှင်းရှင်းလေးပါဘဲ သတ္တုတူးဖေါ်မှုကြောင့် တောင်တွေဖြိုတယ် ဒါကြောင့် ရေ၀ပ်ဧရိယာ၊ ရေစုပ်ဧရိယာ ပျက်စီးလာပြီး ရေကြီးခြင်းဖြစ်တယ်၊ တာချီလိတ်လဲ မြို့ပတ်ဝန်းကျင်က တောင်တွေဟာ မြို့အတွင်းက မြေကွက်တွေမှာ မြေဖို့ရန်အတွက် တောင်ဖြိုဖျက်ခြင်း ခံရတဲ့အတွက် ရေ၀ပ်ဧရိယာ၊ ရေစုပ်ဧရိယာတွေ ပျက်စီးပြီး ရေကြီးခြင်းဖြစ်ပါတယ်။

မြို့ကွက်သစ်ဖော်ရာမှာလဲ Master Planတွေ သေချာမရေးဆွဲဘဲ ဖြစ်သလိုတိုးချဲ့ကြတယ်။ တိုးချဲ့တဲ့ နေရာတွေမှာ မြေတွေဖို့ကြတော့ နဂိုရှိတဲ့ မြို့လယ်ပိုင်းက ရပ်ကွက်အချို့ဟာ မြေနိမ့်ပိုင်းဖြစ်ပြီး ရေကြီးဖို့ဖြစ်လာတော့တယ်။ မြို့ရဲ့ရေထွက်ပေါက်တွေဟာလဲ ပုံမှန်ရေစီးဝင်မှုထက် ပိုမိုများပြားခြင်းက တစ်ကြောင်း၊ နုန်းမြေတွေစီးမျှောပါဝင်လာမှုက တစ်ကြောင်း ပိတ်ဆို့မှုတွေဖြစ်ပေါ်ပြီး ရေကြီးလာရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့မြို့ရဲ့ အမှိုက်ထွက်ရှိမှုနှုန်းကလဲ ပိုမိုမြင့်တက်လာတာကိုတွေ့ရှိရပြီး အမှိုက်စွန့်ပစ်မှု၊ ကောက်ယူသိမ်းဆည်းမှုမှာလဲ စနစ်မကျခြင်းကြောင့် ရေစီးကြောင်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ အမှိုက်ကို ရေမြောင်းထဲစွန့်ပစ်ကြတာ ခဏခဏမြင်တွေ့ရပြီး ရေကြီးတဲ့ညမှာ အမှိုက်စွန့်ပစ်ရာက တံတားအောက်ပြုတ်ကျသွားတာ မျက်မြင်ပါဘဲ။

ကျွန်တော်တို့ ဒီနှစ်ကြုံတွေ့မှုဟာ နောင်နှစ်များလဲ မကြုံတွေ့နိုင်ဘူးလို့ မပြောနိုင်ဘူး ဒါဆိုကျွန်တော်တို့ ကုသခြင်းထက် ကာကွယ်ခြင်းက ပိုကောင်း၏ ဆိုတဲ့အတိုင်း နောင်နှစ်များမှာ ယခုနှစ်လို မကြုံကြရအောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာ စဉ်းစားရတော့မယ်၊ ဒါဆိုရင်တော့ သဘာဝသစ်တောတွေ မပျက်စီးမဆုံးရှုံးဖို့နဲ့ အဓိကရေစီးကြောင်းစီးဆင်းရာ တစ်လျှောက်မှာ မြေကြီးတွေ၊ ကျောက်ခဲတွေ မပါလာစေဖို့ တားဆီးကာကွယ်တဲ့နည်းကို ထိုင်းနိုင်ငံက လွှင့်တဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေမှာ ကျောင်းသားကလေးတွေ တောင်ကြား လျှိုတစ်လျှောက်မှာ ရေစီးကြောင်းတွေကို တိုင်တွေစိုက်၊ တုတ်တွေတားပြီး တောင်တွေမပြိုဖို့ မြေကြီးတွေ၊ ကျောက်ခဲတွေမပါလာဖို့ တားဆီတာ ကြည့်မြင်ဖူးတာလေးတွေ တွေ့မိဖူးပါတယ်။

ရေစီးကြောင်းတွေ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်။ နောက်ပြီး မယ်ဆိုင်ချောင်းရေဟာ ပုံမှန်ထက် ပိုမိုမြင့်တက်လာတာကို တွေ့ရခြင်းအားဖြင့် ရေစီးကြောင်းတစ်လျှောက် သေချာ Survey လုပ်သင့်တယ်လို့ထင်ပါတယ်။  မြို့ကွက်သစ် တည်ဆောက်ရာမှာ သေသေချာချာ Master Plan ရေးဆွဲတည်ဆောက်သင့်ပါပြီ။

ဆောင်းပါးရှင် ။   ။ မင်းသုတ
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~