စိတ်၏စေရာ ပလောင်ရွာနဲ့ ပညာစိုးမိုးသူ

စိတ်၏စေရာ ပလောင်ရွာနဲ့ ပညာစိုးမိုးသူ
အောက်တိုဘာ 7, 2014
By Tachileik News Agency

နိဒါန်းပျိုးရရင်တော့ ပလောင်ရွာလေးနဲ့ ကိုရင်လေးအကြောင်း ကျွန်မရေးချင်မိတာနဲ့ ပြန်ပြီးဝေမျှလိုက်မိပါတယ်.....

ကိုရင်လေးဘွဲ့အမည်က အရှင်ပညိံန္ဒြိယလို့ ခေါ်ပါတယ်။ ပညာကို စိုးမိုးသူလို့ ခေါ်မယ်ဆိုရင်လည်း မမှားပါဘူး၊ ကိုရင်လေးဟာ ပလောင်တိုင်းရင်းသားလေးပါ ကိုရင်လေးအသက် (၅)နှစ် (၆)နှစ်လောက် ကတည်းက မိဘနဲ့ခွဲပြီး ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့လေးမှာရှိတဲ့ ဘုန်းကြီးကျောင်းကို ရောက်ခဲ့ရပါတယ်။ မိုင်းတုံကနေ တာဆန်းဆရာတော်ကမွေးစားခဲ့ပြီး ကိုရင်နဲ့ အတူ ပလောင်ကိုရင် (၁၃)ပါး တာဆန်းမြို့လေးကိုလိုက်သွားခဲ့ပါတယ်။ တာဆန်းဆရာတော်ဘုရား ကကိုရင်လေးကို ပညာသင်ဖို့ရေနံချောင်းမြို့ စပယ်ရုံကျောင်းတိုက်သို့ပို့ဆောင်ပြီး စာသင်စေခဲ့ပါတယ်။

စာတွေအတော်အသင့် တတ်တော့ရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့ပညာရာမကျောင်းတိုက်သို့
ဆရာတော်များရဲ့ ပို့ဆာင်မှု့ဖြင့် ဆက်လက်စာသင်စေခဲ့ပါတယ်။ ဒီလိုနဲ့ သာမဏေကျော်ကျောင်းတိုက် တာချီလိတ်မြို့မှာ ရှိတယ်ဆိုတာသိရလို့ တာချီလိတ်မြို့ကိုလာခဲ့ပါတယ်။

တာချီလိတ်မြို့ကိုရောက်တော့ မဟာဂန္ဓာရုံ သဒ္ဓမ္မ၀ိဟာရ သာမဏေကျော် စာသင်တိုက်ကို ရောက်ခဲ့ပါတယ်။ တာချီလိတ်ကိုရောက်တော့ ကွဲကွာနေတဲ့မိဘတွေကို တွေ့ချင်မိတာကြောင့် ပလောင်လူမျိုးတစ်ချို့ ဆီမှာစုံစမ်းခဲ့ပါတယ်၊ မိဘတွေ ယိုးဒယားနိုင်ငံထဲ ထွက်သွားတယ်ကြားရတော့ မျှော်လင့်ချက် ကုန်ပြီလို့ထင်ခဲ့မိတယ်။ ဒါပေမဲ့ တနေ့ ဒေါ်ပလောင်ဆိုတဲ့ အဒေါ်ကြီးတစ်ဦးနဲ့ အဆက်အသွယ်ရပြီး မိဘတွေနာမည် ပြောပြတော့ တာချီလိတ်မြို့ဝိန်းထမ်းတောရကျောင်း အောက်ဘက်နားက ပလောင်ရွာလေးမှာ ရော်ဘာစိုက်နေကြောင်းသိခဲ့ရပြီး မိဘတွေနဲ့ ပြန်လည်ဆက်သွယ်ရခဲ့ပါတယ်၊

မိဘတွေဟာ ကိုရင်လေးရှိတဲ့ မဟာဂန္ဓာရုံ သဒ္ဓမ္မ၀ိဟာရ သာမဏေကျော် စာသင်တိုက်ကို လိုက်လာရှာခဲ့ပါတယ်။ ကိုရင်နဲ့ မိဘတွေတွေ့ဆုံကြတော့ ဖက်ပြီးငိုခဲ့ကြပါတယ်။ငယ်ကတည်းက မိဘနဲ့ခွဲခဲ့ရပြီး ပြန်ဆုံမယ်လို့မမျှော်လင့်ခဲ့ပေမဲ့ ကံကြမ္မာက ပြန်ဆုံစေခဲ့ပါတယ်။ ပြန်ဆုံတွေ့ရတော့ ငိုရမလား ရီရမလားဖြစ်ခဲ့ရတယ်လို့ ကိုရင်လေးက ပြောပြခဲ့ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မိဘနှစ်ယောက်လုံးက မြန်မာ စကားမတတ်ကြဘူး ပလောင်စကားဘဲ တတ်ကြတယ်။ ကိုရင်လေးကတော့ ပလောင်စကားမတတ်တော့ဘူး။ မြန်မာပြည်မှာ ငယ်ကတည်းက ရောက်သွားခဲ့ရတာမို့မြန်မာစကားဘဲတတ်တော့တာပေါ့။ ကဲတွေ့ကြပြီ သားအမိ သားအဖ ဘာစကားတွေ
ဘယ်လိုပြောရမလဲ။ ပလောင်ဘာသာပြန်နဲ့ ပြောကြရတာပေါ့။

ဒီလိုနဲ့ ကိုရင်လေးက မိဘတွေနေတဲ့ ပလောင်ရွာလေးကို သွားကြည့်ခဲ့ပါတယ်။ ရွာရောက်တော့ ပလောင်ကလေးတွေ အယောက်(၄၀)လောက်တွေ့ရပြီး မြန်မာလိုမတတ် စကားလဲ မတတ် စာလဲ မတတ်နဲ့ ကလေးတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်ချပြီး ပလောင်ရွာလေး မှာမိဘနဲ့ အတူနေဖို့ဆုံးဖြတ်ချက်ချပြီး သူငယ်ချင်း ကိုရင်သုံးလေးပါးနဲ့ အတူ ပလောင်ရွာလေးကို လာခဲ့ပါတယ်။

သုံးလေးရက်ကြာလာတော့ အစားအသောက်ခက်ခဲပြီး ပလောင်စားတဲ့အစာကို မစားနိုင်ကြတော့တဲ့ အတွက် သူငယ်ချင်းကိုရင်တွေဟာ မြို့ထဲကျောင်းကိုပြန်သွားခဲ့ပါတယ် ကိုရင်လေးကလည်း စိတ်ဓါတ်မကျခဲ့ပါဘူး။ သူနဲ့အတူ ငယ်ကတည်းက တာဆန်းဆရာတော် နောက်အတူတူလိုက်ခဲ့ကြတဲ့ ကိုရင်(၁၃)ပါး ရှိသေးလား စုံစမ်းကြည့်တော့ လူထွက်ပြီး အိမ်ထောင်ကျကုန်ပြီဆိုတာ သိရတော့ တပါးတည်းကျန်ခဲ့တဲ့အတွက် ပလောင်ကလေးတွေကို သနားပြီး စာတတ်အောင်သင်ပေးမယ်လို့ စိတ်ကိုဆုံးဖြတ်ပြီး ပလောင်ရွာမှာဘဲ နေလိုက်ပါတော့တယ်။ ပလောင်ကလေးတွေကို စာသင်ရတာ အခက်အခဲတွေအများကြီးဖြစ်ရပါတယ်။

ကလေးတွေက မြန်မာလို မတတ် ကိုရင်က ပလောင်လိုမတတ်နဲ့ ခုတော့ကိုရင်က ပလောင်စကားကို ပြန်သင်နေရပါတယ်။ ကလေးတွေကော ရွာကလူကြီးတော်တော် များများဟာ ကိုရင်လေးကို ရိုသေကြပါတယ်။ စကားလဲနားထောင်ကြတယ်။ ဒါတွေကိုမြင်ရတော့ ကိုရင်လူမထွက်ဘူး။ ဘုန်းကြီးဆက်လုပ်မယ်လို့ပြောပါတယ်။ ရွာကပလောင်ကလေးတွေကို စာတတ်ေ စချင်တယ်တဲ့။ ကိုယ့်လူမျိုးတွေ မျက်စိပိတ်နားပိတ်ဖြစ်နေရတဲ့ဘဝကို မကြည့်ရက်ဘူး။ စာမတတ်ကြလို့ အသိဥာဏ်မရှိဘူး။

ဒါကြောင့်သူဌေးတွေရဲ့ ထားရာနေစေရာသွား ပေးတာယူကျွေးတာ စားနေရတဲ့ ကျွန်ဘဝကို ရောက်နေကြရတာပေါ့တဲ့လေ။ ဒါကြောင့်ကိုရင်ကလေးတွေကို မျက်စိဖွင့်ပေးချင်တယ်။နားဖွင့်ပေးချင်တယ်လို့ ပြောပြခဲ့တယ်။ စာသင်ဖို့စာအုပ်တွေ ဝယ်ရမယ်တစ်ယောက် ငါးဆယ်ဘတ်
လောက်ကုန်မယ်လို့ စာသင်မဲ့ကလေးတွေရဲ့ မိဘတွေကိုပြောတော့ ကလေးတွေ မိဘတွေက ဒီပိုက်ဆံ ၂၀၀/၃၀၀ဘတ်ကို ကိုရင်ယူပြီးပြေးမှာစိုးကြတယ်တဲ့။

အဲ့ဒီလို အခက်အခဲတွေ တွေ့ရတော့ကိုရင်လည်း သူ့မှာ ရှိစုမဲ့စုငွေလေးနဲ့ စာအုပ်တွေဝယ်ပြီး စာသင်ပေးခဲ့ရတယ်။ ဒီလိုလုပ်ပေးမှဘဲ စာသင်ကြတော့တယ်။ကိုရင်လေးနဲ့ကျွန်မ တွေ့ဆုံခဲ့တော့ ဘာများလိုအပ်လဲ မေးကြည့်တော့ စာအုပ်အခက်အခဲလေး အကြောင်းပြောပြပါတယ်။ ဒါကြောင့် ကျွန်မနဲ့အတူ သူငယ်ချင်းတစ်ချို့ ရွာလေးကိုသွားပြီး တတ်နိုင်သလောက် စာအုပ်တွေ ခဲတံတွေ စာသင်ဖို့ ဘလက်ဘုတ်တွေ သွားရောက် လှူဒါန်းပေးခဲ့ပါတယ်။

ကိုရင်လည်း ကျွန်မတို့ကို တွေ့တော့ အရမ်းအားတက်မိပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုရင်နဲ့ အတူတူကိုရင်ဝတ်ပြီး အခုလူတွေထွက်ကုန်တဲ့ ပလောင်သူငယ်ချင်းတစ်ချို့က ကိုရင်လေး စာသင်တာကို ကန့်ကွက်ကြတယ်။အမျိုးမျိုး စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်ကြတယ်တဲ့။သူတို့ရည်ရွယ်ချက်က ကိုရင်လေးစိတ်ဓါတ်ကျပြီး ဒီရွာက ထွက်သွားစေချင်ကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုရင်က မြန်မာလိုနေ မြန်မာစကားဘဲပြောတတ်လို့ ပလောင်လူမျိုးပေမဲ့ နှိမ်ချင်ကြတာပေါ့။ ဒါကြောင့် ကိုရင်လေးက ပလောင်စကားကို အမြန်ဆုံးတတ်အောင် မိဘတွေဆီက သင်ယူနေရပါတယ်။

နဂိုက ပလောင်တိုင်းရင်းသားဖြစ်တဲ့အတွက် ပလောင်စကားကို အခက်အခဲမရှိ အမြန်ဆုံးတတ်တဲ့အတွက် ကိုရင်လေး စာသင်ရာမှာ အခက်အခဲတွေ ပပျောက်တော့မှာပါ။ကျွန်မတို့ သူငယ်ချင်းတွေ မကြာခဏ ပလောင်ရွာလေးကို သွားကြတဲ့အတွက် ကိုရင်ကို အမြင်မကြည်လင်ကြတဲ့ သူတွေပြောချင်ကြတဲ့ သူတွေကလည်း ကျွန်မတို့ ကိုရင်ကို အားပေးမှု့ လှူဒါန်းမှု့တွေကြောင့် စိတ်ဓါတ်တွေ ပြောင်းလဲ လာကြပါတယ်။

ဘယ်လိုအခက်အခဲဘဲဖြစ်ဖြစ် ကိုရင်လေးရဲ့ ကိုယ့်လူမျိုးအပေါ် အသိပညာ မျက်စိတွေဖွင့်ပေးချင်တယ်။ ကျွန်ဘဝက လွတ်စေချင်တယ်ဆိုတဲ့ ဆန္ဒတွေပြည့်ဝအောင် တတ်နိုင်တဲ့ဘက်ကနေ ကျွန်မတို့ မဇ္ဈိမလူမှု့ကူညီရေး အသင်းမှလည်း အစွမ်းကုန်ကူညီဖို့ကျွန်မဆုံးဖြတ်ခဲ့ပါတယ်။ ကိုရင်လေးရဲ့ စိတ်ဓါတ်ကို ကျွန်မချီးကျူးမိပါတယ်။

ငယ်ဘဝ ၅/၆နှစ်ကတည်းက ခွဲခဲ့ရပြီး အခုအသက်(၂၀)ပြည့်ခါနီးမှ ကိုယ့်လူမျိုး ကိုယ့်ဆွေမျိုး ကိုယ့်မိဘ မောင်နှမတွေနဲ့ ပြန်တွေ့ရပြီး ကိုယ်လွတ်ရုန်းရင် ရရဲ့သားနဲ့ ကိုယ့်လူမျိုးတိုးတက်စေချင်တဲ့ စေတနာနဲ့ မေတ္တာကို ကျွန်မလေးစားမိပါတယ်။ ဒါကြောင့် ကိုရင်လေးရဲ့ ရင်ထဲကဖြစ်ချင်တဲ့ ဆန္ဒလေးကို ကျွန်မတို့မဇ္ဈိမလူမှု့ကူညီရေးအသင်းသူအသင်းသားမောင်နှမတွေနဲ့အတူဝိုင်းဝန်းပြီး တတ်နိုင်တဲ့ဘက်က ကူညီရင်း ကိုရင်လေးဖြစ်စေချင်သလို ပလောင်လူမျိုးလေးတွေနဲ့ ပလောင်ရွာလေးကို အသိတရားတွေရှိပြီး တိုးတက်အောင်ကူညီဆောင်ရွက်ကြပါစို့လို့တိုက်တွန်းရင်း ကျွန်မစိတ်ရဲ့စေခိုင်းချက်အတိုင်း မရောက် ရောက်အောင် သွားချင်ခဲ့မိတဲ့ ပလောင်ရွာလေးနဲ့ပလောင် ကိုရင်လေး အရှင်ပညိံန္ဒြိယတို့ရဲ့ ဖြစ်ရပ်မှန် ဇာတ်ကြောင်းလေးကို စာဖတ်သူမိတ်ဆွေများထံသို့ ခံစားဝေမျှလိုက်ရပါတယ်။

         အများအတွက်ပေးဆပ်နေမဲ့
            ဒေါ်သန်းသန်းဌေး
မဇ္ဈိမလူမှု့ကူညီရေးအသင်း (တာချီလိတ်)
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~