နိုင်ငံတော်မှ နိုင်ငံခြားသား အကျဉ်းသား (၅၈)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေး

နိုင်ငံတော်မှ နိုင်ငံခြားသား အကျဉ်းသား (၅၈)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေး
အောက်တိုဘာ 7, 2014
By Tachileik News Agency

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်(၆)ခုတွင် အကြောင်းအမျိုးမျိုးဖြင့် အကျဉ်းကျခံနေရသော နိုင်ငံခြားသား (၅၈)ဦးအား နိုင်ငံတော်မှ ယနေ့ ၂၀၁၄ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်ရာ တာချီလိတ်ခရိုင်နှင့် အနီးစပ်ဆုံးဖြစ်သည့် ကျိုင်းတုံအကျဉ်းထောင်မှ ထိုင်းနိုင်ငံသားတစ်ဦး အပါအ၀င်ဖြစ်ပြီး ၎င်းအား ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေး၍ ပြည်နှင်ဒဏ်ပေးမှုကို ယနေ့ အောက်တိုဘာလ (၇)ရက်နေ့  ညနေ(၅)နာရီ နောက်ပိုင်းမှာ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားတွင် မြန်မာဘက် တာဝန်ရှိသူများက ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများထံ တရားဝင် လွဲပြောင်းပေးအပ်ခဲ့ကြသည်။

ကျိုင်းတုံ အကျဉ်းထောင်တွင် အကျဉ်းကျခံရာမှ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ဖြင့် လွတ်မြောက်လာသူ အသက်(၅၀)နှစ် အရွယ်ရှိ ထိုင်းနိုင်ငံသား Mr. Vassn (ခ) နိုင်ဝမ်ဆမ်(ခ) အားဖာသည် စိတ်ကြွဆေးပြား သုံးစွဲမှုနှင့် မြန်မာနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်နေထိုင်မှုတို့ကြောင့် မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် ထောင်ဒဏ်(၄)နှစ် နှင့် လ၀ကအက်ဥပဒေအရ ထောင်ဒဏ် (၆)လကို ၂၀၁၂ခုနှစ်မှာ စတင် ကျခံခဲ့ရပြီးနောက် ယနေ့ နိုင်ငံတော်မှ ချမှတ်သော ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ဖြင့် လွတ်မြောက် လာတာဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံအကျဉ်းထောင်မှ လွတ်မြောက်လာသူ ထိုင်းနိုင်ငံသားအား တာချီလိတ်မြို့ရှိ အမှတ်(၁) ချစ်ကြည်ရေး တံတားတွင် အမှတ်(၈) နိုင်ငံခြားသားမတရား ဝင်ရောက်မှုကာကွယ်ရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးဇော်မင်းမြင့် နှင့် တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်သန်း နှင့် မြန်မာဘက် TBC အဖွဲ့မှ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ လ၀က နှင့် တာဝန်ရှိသူများထံ လက်မှတ်ရေးထိုး၍ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

နိုင်ငံတော်မှ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံခြားသား အကျဉ်းသား (၅၈)ဦးတို့အား နှစ်နိုင်ငံအချင်းချင်း ချစ်ကြည်ရေးနှင့် မိတ်မပျက်ဆက်ဆံရေး တို့ကို ရှေ့ရှုသည့်အပြင် လူမှုရေးအရ ငဲ့ညှာသောအားဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)နှင့်အညီ ၎င်းတို့ ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဖြစ်ကြောင်း စည်းကမ်း သတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြု၍ လွှတ်ပေးလိုက်တာ ဖြစ်ကြောင်း သိရသည်။

ယခုလို  ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်ရာတွင် ပါဝင်သည့် နိုင်ငံခြားသား (၅၈)ဦးတွင် အိန္ဒိယနိုင်ငံသား အကျဉ်းသား (၈)ဦး၊ တရုတ်နိုင်ငံသား အကျဉ်းသား (၄၈)ဦး၊ ထိုင်ဝမ်အကျဉ်သား (၁)ဦး နှင့် ထိုင်းနိုင်ငံသား အကျဉ်းသား (၁)ဦး တို့ဖြစ်ပြီး ၎င်းတို့သည် အင်းစိန်ဗဟို အကျဉ်းထောင်မှ(၂)ဦး၊ လားရှိုးအကျဉ်းထောင်မှ (၄၅)ဦး၊ ကျိုင်းတုံအကျဉ်းထောင်မှ(၁)ဦး ကလေးအကျဉ်းထောင်မှ(၇)ဦး၊ ခန္တီးအကျဉ်းထောင်မှ (၁)ဦးနှင့် ဗန်းမော်အကျဉ်းထောင်မှ (၂)ဦး အသီးသီးပါဝင်ကြောင်း သိရှိရသည်။

သတင်း ။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~