မြန်မာ-ထိုင်း ရေရှည်တည်တံ့သော အစားထိုး အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးရေး စီမံကိန်း ဧရိယာဖြစ်သည့် တာချီလိတ် နှင့် မိုင်းဆတ်ဒေသသို့ မြန်မာ-ထိုင်း မူးယစ်တားဆီးရေးအဖွဲ့နှင့် ထိုင်း-မြန်မာ သတင်းမီဒီယာများ သွားရောက်လေ့လာ

မြန်မာ-ထိုင်း ရေရှည်တည်တံ့သော အစားထိုး အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးရေး စီမံကိန်း ဧရိယာဖြစ်သည့် တာချီလိတ် နှင့် မိုင်းဆတ်ဒေသသို့ မြန်မာ-ထိုင်း မူးယစ်တားဆီးရေးအဖွဲ့နှင့် ထိုင်း-မြန်မာ သတင်းမီဒီယာများ သွားရောက်လေ့လာ
အောက်တိုဘာ 11, 2014
By Tachileik News Agency

မြန်မာ - ထိုင်း အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းအနေဖြင့် ထိုင်းနိုင်ငံ တော်ဝင်မိသားစု၏ စောင့်ရှောက် မှုအောက်ရှိ မယ့်ဖားလုံဖောင်ဒေးရှင်းမှ တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်အတွင်း ရေရှည်တည်တံ့သော အစားထိုး အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်လာပြီး လပေါင်း (၂၁)လကျော် အကြာဖြစ်သည့် ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့က မယ့်ဖားလုံ ဖောင်ဒေးရှင်းမှ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Disnadda Diskul (ခွန်းချိုင်း) ဦးဆောင်သော ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ ( ONCB )မှ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Permpong Chaovalit ဦးဆောင်သော ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံမှ သတင်းမီဒီယာများ၊ မြန်မာဘက်မှ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှ နှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ စီမံကိန်းဌာန၊ ဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်းတို့ ဦးဆောင်သည့် တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်မှ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ သတင်းမီဒီယာများ စုစုပေါင်း (၁၀၀)ကျော်တို့သည် အဆိုပါ ခရိုင်နှစ်ခုအတွင်းရှိ အစားထိုးဖွံ့ဖြိုးရေးစီမံကိန်း ကျေးရွာများသို့ သွားရောက် လေ့လာခဲ့ကြသည်။

အဆိုပါ ပူးပေါင်းအဖွဲ့ နှစ်ဖွဲ့သည် နံနက်(၈)နာရီ အချိန်တွင် ဦးစွာ တာချီလိတ်မြို့နယ် လွယ်တော်ခမ်း ကျေးရွာအုပ်စု အတွင်းရှိ ဖတ်ဟိ(အထက်ရွာ)သို့ ရောက်ရှိလာစဉ် မယ့်ဖားလုံဖောင်ဒေးရှင်း စီမံကိန်းအနေဖြင့် ကျေးရွာအတွင်း ဆောင်ရွက်ပေးထားမှု လုပ်ငန်း အခြေအနေများကို ပိုစတာများဖြင့် ပြသကာ မယ့်ဖားလုံစီမံကိန်း အုပ်ချုပ်ရေးမှူး ဒေါ်အားကာတာက ရှင်းလင်းတင်ပြသည်။

မယ့်ဖားလုံစီမံကိန်းမှ ထောက်ပံ့ပေးအပ်မှုနှင့် ပတ်သက်၍ "စီမံကိန်းက ရွာအတွက် ရေလှောင်ကန်တွေ၊ ယင်လုံအိမ်သာတွေ လုပ်ပေးတယ်၊ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး နှစ်ရှည်ပင်တွေ၊ ကော်ဖီပင်တွေ၊ သစ်ခေါက်ပင်တွေ၊ ငှက်ပျောပင်တွေ၊ ၀ါးပင်တွေကို အခမဲ့ ထောက်ပံ့ပေးတယ်၊ အရင်ကဆိုရင် စိုက်ပျိုးဖို့ ပျိုးပင်ဝယ်ဖို့အတွက် ငွေလိုတယ်၊  စီမံကိန်းက အခုလို လုပ်ပေးတော့ ရွာသားတွေအနေနဲ့ ပျိုးပင်တွေကို ၀ယ်စရာမလိုတော့ဘူး၊ ၀ယ်ဖို့လည်း ငွေမကုန်တော့တဲ့ အတွက် သက်သာတယ်၊ အခုလို ထောက်ပံ့ပေးတော့ ရွာသားတွေ အတွက် အဆင်ပြေပါတယ်"ဟု ဖတ်ဟိအထက်ရွာနေ မောင်ဖားစို နှင့် မအေးလှတို့က တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

ယင်းနောက် အဆိုပါအဖွဲ့သည် မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် အတွင်းရှိ "ဝ"ဒေသ မိုင်းကမ်း ကျေးရွာတွင် ကျောင်းသား၊ ကျောင်းသူ (၅၀၀)ကျော်အား သင်ကြား ပို့ချနိုင်မည့် စာသင်ကျောင်းဆောင် သစ်အား လွှဲပြောင်းပေးအပ်ကြပြီး ကျေးလက်ဖွံ့ဖြိုးရေးအတွက် ဆေးဝါးများ၊ စိုက်ပျိုးမွေးမြူရေး ပစ္စည်းများနှင့် အားကစားပစ္စည်းများအား ပေးအပ်လှူဒါန်းရာ ကျေးရွာမှ ကိုယ်စားလှယ်အဖွဲ့အား အမှတ်တရအဖြစ် ဒေသထုတ် လက်ဆောင်များ ပြန်လည်၍ ပေးအပ်ခဲ့ကြသည်။

"မယ့်ဖားလုံစီမံကိန်းကနေပြီးတော့ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး စနစ်တကျဖြစ်အောင်လို့ ပြသပေးတာတွေ၊  မွေးမြူရေးနဲ့ ပတ်သက်ပြီးတော့လည်း ဆေးထိုးတာတွေ၊ လိုအပ်တာတွေကို လက်တွေ့ သင်ကြား ပြသပေးတဲ့အတွက် အခုဆို တော်တော်လေးကို အဆင်ပြေလာပါပြီ"ဟု "ဝ"ဒေသ မိုင်းကမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအားရင်းက ပြောပြသည်။

မယ့်ဖားလုံဖောင်ဒေးရှင်းနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ မိုင်းကန်းကျေးရွာ စာသင်ကျောင်းအား ပူးပေါင်းတည်ဆောက်ခဲ့ပြီး အဆိုပါ ကျောင်းအဆောက်အဦ၏ အကျယ်အ၀န်းသည် အလျား(၄၀)ပေ နှင့် အနံ ပေ(၃၀)ရှိပြီး အဆောင် (၅) ဆောင်နှင့် အလျားပေ (၆၀) နှင့် အနံ ပေ(၃၀) ရှိ ရုံးခန်း(၁) ခန်းတို့ ပါဝင်ကြောင်းသိရသည်။

ဆက်လက်၍ ကိုယ်စားလှယ်အဖွဲ့သည် နားယောင်း - ယောင်ခ ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုလေ့လာကာ အားကစားပစ္စည်းများ နှင့် ဆေးဝါးများ အပါအ၀င် စိုက်ပျိုးမွေးမြူရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြသည်။

ကိုယ်စားအလှယ်အဖွဲ့သည် မိုင်းဆတ်ခရိုင်၊ မိုင်းတွမ်းကျေးရွာသို့ ရောက်ရှိကာ ကျေးရွာယာယီမဏ္ဍပ်တွင် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး အဖွဲ့ အတွင်းရေးမှူး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှ နှင့် တာဝန်ရှိသူများက နယ်စပ် ဒေသတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံများနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအားလေ့လာကြည့်ရှုပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ် (၁၀)သိန်းတိတိ နှင့် ခေါက်ဆွဲစက်အား လွှဲပြောင်းပေးအပ် ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထိုမှတဆင့်  မိုင်းတွမ်းအတွင်းမှ မဟင်ကျေးရွာရှိ ဖာကန့်ချောင်း ကျောက်စီတမံသို့ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် ထိုင်း - မြန်မာ မီဒီယာများက သွားရောက်လ့လာခဲ့ကြသည်။ ယင်းဖာကန့် ကျောက်စီတမံသည် မဟင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား အကျိုးပြုလျှက်ရှိရာ လယ်ဧက(၂၀)ကျော်ကို ရေပေးသွင်းနိုင်ပြီး ကျေးရွာ လျှပ်စစ် မီးလင်းရေးအတွက် တစ်ပိုင်တစ်နိုင် လျှပ်စစ်ဓါတ်အားများ ထုတ်ယူသုံးစွဲသူများလည်း ရှိနေသည်ဖြစ်ရာ ဒေသအတွက် အကျိုးဖြစ်ထွန်းသည့် တမံဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ တမံနှင့်ပတ်သက်၍ "ဒီတမံအတွက် စနစ်တကျဖြစ်စေရေးအတွက် စီမံကိန်းကနေပြီးတော့ နည်းပညာတွေ၊ ကျွမ်းကျင်အင်ဂျင်နီယာတွေ နဲ့ ကူညီ မွမ်းမံဆောက်လုပ်ပေးပြီးတော့ ရွာသွားများကိုလည်း လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ကူညီပေးခဲ့ပါတယ်"ဟု မိုင်းဆတ်ခရိုင် လုပ်ငန်းခွင် မန်နေဂျာ ဒေါ်နန်းဝိုးလောင်က ရှင်းပြသည်။

ကိုယ်စားလှယ်အဖွဲ့သည် ဖာကန့်တမံ မှတဆင့်  မယ့်ဖားလုံဖောင်ဒေးရှင်းနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်းတည်ဆောက်သည့် မိုင်းတွမ်း ကျေးလက် ကျန်းမာရေးဌာန တည်ဆောက်ပြီးစီးမှု အခြေအနေများအား လေ့လာကြည့်ရှုကြသည်။ အဆိုပါ ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦတွင် အမျိုးသားလူနာခန်း၊ အမျိုးသမီးလူနာခန်း၊ သားဖွားခန်း ဆေးပေးခန်း စသည်များပါဝင်ပြီး ဧရိယာဝန်းထဲတွင် ၀န်ထမ်းအိမ်ယာများကိုလည်း ဆောက်လုပ်ထားသည်ကို တွေ့ရှိရပြီး အဆိုပါ ဌာနတွင် လူနာများအတွက် အသုံးပြုနိုင်ရန် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဘီးတပ် ကုလားထိုင် (၂)စုံအား လှူဒါန်းခဲ့သည်။

ယင်းနောက် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဖောင်ဒေးရှင်းမှ ထောက်ပံ့ပေးထားသော ငှက်ပျောမျိုးများ စိုက်ပျိုးထားသည့် လွယ်ပါရင်နှစ်ကျေးရွာ စိုက်ပျိုးရေးနေရာသို့ သွားရောက်၍ ငှက်ပျောပင် စိုက်ပျိုးထားမှု အခြေအနေများနှင့် အထွက်နှုန်းများကို လေ့လာခဲ့ကြသည်။

ယခုလို ထိုင်း - မြန်မာ ကိုယ်စားလှယ်များ ပူးပေါင်း၍ လေ့လာရေးခရီး မစတင်မီ ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ ဒွယ်တုံး စီမံကိန်းရုံး၌ အောက်တိုဘာလ(၈)ရက်မှ (၁၀)ရက်အထိ ကျင်းပခဲ့သည့် မြန်မာ- ထိုင်း အစားထိုးဖွံ့ဖြိုးရေး စီမံကိန်း ပူးတွဲပဲ့ကိုင်ဆောင်ရွက်ရေး ကော်မတီ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီးနောက်မှာ ထိုင်း - မြန်မာ မီဒီယာများ နှင့်အတူ လေ့လာရေး ခရီးစဉ်အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ကြောင်း သိရသည်။

စီမံကိန်းဧရိယာအတွင်း ဘိန်းအစားထိုးမှု မ၀င်ရောက်နိုင်ရေးနှင့် ပတ်သက်၍ "ဘိန်းစိုက်လို့ရတဲ့ ၀င်ငွေနဲ့  အစားထိုး စိုက်ပျိုးတဲ့ ၀င်ငွေနဲ့က သဟဇာတမဖြစ်နိုင်ဘူး၊ ရုတ်တရက် ပြည်သူက မယုံနိုင်ဘူး၊ အဲ့ဒီအတွက် ကျွန်တော်တို့က ကြိုပြီးတော့ ကာထားတဲ့အနေနဲ့ ဒီဖက်မှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အရှိန်ဟုန် မြှင့်တင်လိုက်ခြင်းအားဖြင့် ဟိုဘက်က ဘိန်းစိုက်ပျိုးမှု ပျံ့နှံ့လာမဲ့အရာကို ကျွန်တော်တို့က အလိုအလျောက် တားထားပြီးသား ဖြစ်သွားမဲ့ သဘောပါ။ ဥပမာ ပြည်သူတွေ အနေနဲ့ စီးပွားရေး ကောင်းနေတယ်၊ ၀င်ငွေတွေရနေမယ်၊ ရေရတယ်၊ မီးရတယ်၊ ကျန်းမာရေး ကောင်းတယ်၊ ပညာရေးရတယ်၊ ဆိုင်ကယ် စီးနိုင်တယ် ဆိုရင် သူတို့ဘ၀ဟာ ပျော်နေပြီ။ အဲ့ဒီအခါ သူတို့ မဟုတ်တာ လုပ်ဖို့ စိတ်ထဲ ဝေးသွားတာပေါ့၊ ဒီလိုသဘောနေနဲ့ ကျွန်တော်တို့ ဒီဖက်ကနေ စပြီး တစ်နိုင်တစ်ပိုင် အနေနဲ့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်တာဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ စီမံကိန်းဌာန၊ ဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်းက မြန်မာမီဒီယာများအား ရှင်းလင်းပြောကြားသည်။

ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပပျောက်ရေးအတွက် ပြီးခဲ့သော ၂၀၁၂ခုနှစ် စက်တင်ဘာလ (၁၇)ရက်က မြန်မာ-ထိုင်း နှစ်နိုင်ငံ ရေရှည်တည်တံ့သော အစားထိုး အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးရေး စီမံကိန်းဆိုင်ရာ နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံမူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နှင့် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့တို့ ပူးပေါင်းကာ ထိုင်းနိုင်ငံ၊ ဒွယ်တုန်းဒေသ၌ လက်မှတ်ရေးထိုး ခဲ့ကြပြီး ယင်းနားလည်မှု စာချွန်လွှာအရ အစားထိုးဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းများကို မြန်မာနိုင်ငံနယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် ထိုင်းနိုင်ငံ ၊ မယ့်ဖားလုံ ဖောင်ဒေးရှင်းတို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေလျက်ရှိရာ ယခုအခါမှာ လုပ်ငန်းဆောင်ရွက်မှုမှာ လပေါင်း (၂၁)လကျော်ပြီ ဖြစ်ကြောင်း သိရသည်။

မယ့်ဖားလုံဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံ တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်အတွင်း စီမံကိန်းကာလမှာ ၂၀၁၂ ခုနှစ် မှ ၂၀၁၈ ခုနှစ်အထိ (၆)နှစ်တိတိဖြစ်ပြီး ယခုအခါမှာ စီမံကိန်းဧရိယာများဖြစ်သည့် တာချီလိတ်ခရိုင် လွယ်တော်ခမ်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း (၁၂)ရွာ၊ မိုင်းဆတ်ခရိုင်၊ မိုင်းတွမ်းဒေသတွင် ကျေးရွာပေါင်း(၉)ရွာ၊ စတုံးကျေးရွာတွင် ကျေးရွာပေါင်း (၇)ရွာ၊ ယောင်ခ - နားယောင်း "ဝ"ဒေသတွင် ကျေးရွာပေါင်း (၂၈)ရွာ၊ စုစုပေါင်း ကျေးရွာပေါင်း (၅၆)ရွာ လူဦးရေအားဖြင့် စုစုပေါင်း (၁၂၀၁၇)ဦးတို့ဖြစ်ရာ တိုင်းရင်းသားများ အနေဖြင့် ရှမ်း၊ အာခါ၊ လားဟူ နှင့် "ဝ"တိုင်းရင်းသားများ ပါဝင်ပြီး ၎င်းတို့ လူနေမှု ဘ၀ ဖွံ့ဖြိုးရေးအတွက်  ရေရှည်တည်တံ့သော အစားထိုး အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးစီမံကိန်းမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာမှာ အဆိုပါ စီမံကိန်းအတွက် ထိုင်းနိုင်ငံ အစိုးရမှ စီမံကိန်းပံ့ပိုးငွေအဖြစ် ထိုင်းဘတ်ငွေ သန်းပေါင်း (၃၅၀) ထောက်ပံ့ ပေးအပ်ထားတာဖြစ်ကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
ဓါတ်ပုံ။  ။ ကိုဇောင်း၊ ဇောင်းညီ

ပုံများကိုကြည့်ရန်
မြန်မာ-ထိုင်း မူးယစ်တားဆီးရေးအဖွဲ့နှင့် ထိုင်း-မြန်မာ သတင်းမီဒီ..

88 photos

တာချီလိတ် နှင့် မိုင်းဆတ်ဒေသသို့ မြန်မာ-ထိုင်း မူးယစ်တားဆီးရေး...

65 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~