ကျွန်တော်တို့နိုင်ငံက အခု လက်ခံကျင့်သုံးနေတာဟာ Democracy(ဒီမိုကရေစီ)မဟုတ်ဘူး၊ Monocray (မိုနိုကရေစီ)ပါ။ Monocracy ဆိုတဲ့ အသုံးအနှုန်း ကတော့ ဒီလိုပါ မိုနိုပိုလီဂိမ်းကို လူတိုင်းငယ်ငယ်က ကစားဖူးမှာပါ။ ဇယားကွက်ပေါ်မှာ မြို့တွေဝယ်၊ အိမ်တွေဆောက်၊ ဟိုတယ်တွေဆောက်ပြီး အံစာတုံး နံပါတ်စဉ်အရ ကျတဲ့မြို့ အကွက်ပေါ်မှာ တည်းခိုခ ပေးရတဲ့ဂိမ်းလေ။ ဒီဂိမ်းကို မိုနိုပိုလီလို့ခေါ်တယ်။လက်ဝါးကြီးအုပ်၊ တစ်ဦးပိုင်ပြုလုပ်ခြင်း ဂိမ်းပေါ့။
ဟုတ်ကဲ့ဒါကို ကျွန်တော်နောက်က ပိုလီကိုဖြုတ်ပြီး ကမ္ဘာမှာ ကျင့်သုံးနေတဲ့ နိုင်ငံရေးဝါဒဖြစ်တဲ့ ဒီမိုကရေစီကို ပေါင်းစပ်ပြီး Monocracy (မိုနိုကရေစီ)လို့ အမည်ပေးလိုက်ပါတယ်။ သူများတွေ နိုင်ငံတကာမှာရော ဒီနာမည်ကို ပေးလား မပေးလားမသိပေမယ့် ကျွန်တော်ကတော့ မြန်မာနိုင်ငံမှာ တွေ့မြင်နေရတာလေးတွေကို ဒီအမည်ပေးလိုက်တယ်ဗျာ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာက လူချမ်းသာတွေရဲ့ အလေ့အကျင့်ကတော့ မည်သူနှင့်သိတယ်၊ မည်သူက ဘယ်လိုပတ်သက်တာဟုဆိုကာ ဌာနဆိုင်ရာ လူပုဂ္ဂိုလ်များနှင့် ခင်မင်ရင်းနှီးခြင်းကို အခွင့်အရေး တစ်မျိုးအဖြစ် အသုံးချကာ အများနည်းတူ မဟုတ်ဘဲ အခွင့်အရေး ယူတတ်ခြင်းကြောင့် ဌာနဆိုင်ရာရှိ အောက်လက်ငယ်သားများနှင့် တစ်ခြားသောသူများမှာ တစ်ခါတစ်ရံ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ၊ အကောင်ကြီးကြီး နဲ့ ပိုင်တယ်ဆိုပြီး အောက်ခြေကို ကျော်လွှားသွားသည်များကို တွေ့မြင်ရပါတယ်။
ထို့ပြင် ယနေ့ပွင့်လင်းမြင်သာ ခေတ် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ သွားနေသော ခေတ်တွင် ဒီမိုကရေစီ မကျသော လုပ်နည်းလုပ်ဟန်များ၊ အသားမကျသေးသော အဖြစ်အပျက်ကာလ ပြောင်းလဲခြင်းဖြစ်စဉ်ကို Monocracy လို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။
Change လုပ်ဖို့ အရေးကြီးဆုံးက Chance ကိုရှာဖွေတတ်ဖို့လိုတယ်။ Change process တစ်ခုလုံး System ကျကျ ပြောင်းလဲဖို့ ဦးဆောင်ဦးရွက်သူတွေဖြစ်တဲ့ ခေါင်းဆောင်တွေအဖို့ အရေးကြီးတယ်။ဦးဆောင်နိုင်မှုကို နောက်က ဘယ်လောက် လိုက်လုပ်နိုင်သလဲဆိုတာကို သူကိုယ်တိုင်ကလဲ ဦးဆောင်ညွှန်ကြား လုပ်နိုင်ရမယ်။
ကျွန်တော်တို့ နိုင်ငံမှာ ကြုံတွေ့ရတဲ့ အဓိကပြဿနာက မျိုးဆက်တစ်ခုလောက် သင်ကြားခဲ့တဲ့ ပညာရေးစနစ်မှာ ဒီမိုကရေစီအကြောင်းကို မသင်ကြားခဲ့ရတဲ့ အတွက် ရလာတဲ့ အခွင့်အရေး ကို ပြောင်းလဲဖို့ လုပ်တော့ Monocracy လမ်းကြောင်းကို ဦးတည်နေတဲ့ ခရိုနီစီးပွားရေးစနစ်ကြီး အောက်ပဲရောက်သွားတယ်။
ကျွန်တော်တို့ဟာ Democracy အကြောင်းကို မျိုးဆက်(၁)ခုလောက် သေချာလေ့လာ သင်ကြားမှု မရှိခဲ့တော့ ဒီမိုကရေစီ စံနှုန်းတွေကို မဝေခွဲနိုင်ဘူး ကိုယ့်ဒေသ၊ ပတ်ဝန်းကျင်နဲ့ လိုက်ဖက်မဲ့ စံနှုန်းကို ရွေးချယ် ဖန်တီးနိုင်စွမ်းတွေ ပျောက်ကုန်တာပေါ့။ အခွင့်အရေးကို ပြောင်းလဲမှုလုပ်ဖို့အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရတယ် ကိုယ့်ရဲ့ နိုင်ငံသားဖြစ်တည်မှုကို သေသေချာချာ မဝေခွဲနိုင်တော့ အခွင့်အရေးတွေ ဆုံးရှုံးရတာပေါ့။
ကျွန်တော်တို့ နိုင်ငံသားတွေဟာ Rule and Law တွေ ဒီထက် ပိုနားလည်ဖို့ တကယ်လို အပ်လာပါပြီ။ ဘာကြောင့်လဲဆိုတော့ ဘယ်ဥပဒေက ကိုယ့်ကို ကာကွယ်ပေးတာ၊ ဘယ်ဥပဒေက ကိုယ့်ကို ချုပ်ကိုင်ထားတာ သိမှ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး အပြည့်အ၀ ရရှိမှာဖြစ်လို့ပဲ။
ကျွန်တော်တို့ မျိုးဆက်တစ်ခုလောက် စီးပွားရေးဆိုတာဟာ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ အခြေခိုင်ခိုင် တည်ဆောက်ထားတဲ့ ကွန်ယက်တစ်ခုဆိုတော့ ပြောင်းလဲဖို့ မလွယ်ဘူးပေါ့။ စီးပွားရေးကို အမှန်အကန် နိုင်ငံတော် ဘဏ္ဍာငွေ အခွန်အခတွေ ပေးသွင်းပြီး ဘယ်လောက်လုပ်ချင် လုပ်ချင် လက်ဖက်ရည်ဖိုး၊ ဆရာဖို့(ဘို့)၊ ဘာဖို့(ဘို့)၊ ညာဖို့(ဘို့)ဆိုပြီး "ဂါ"နေရတာ နေရာတိုင်းမှာပါ။
ဘယ်နေရာမှာပဲဖြစ်ဖြစ် အလုပ်ဖြစ်ဖို့ဆိုရင် "ဂါ"ရတာတွေ တွေ့နေရတယ်။ လုပ်ထုံးလုပ်နည်း အတိုင်းလုပ်ရင်လဲ အချိန်နဲ့ တစ်ပြေးညီ ပြေလည်အောင် မဆောင်ရွက်နိုင်ဘူး ဒါအတွက်ကြောင့် လုပ်ငန်း အဆင်ပြေအောင် "ဂါ"တာတွေလုပ်နေရတယ်။
ဒါတွေဟာ ပုဂ္ဂလိက ကိုယ်ပိုင်လုပ်ငန်းမှအစ နိုင်ငံတော်စီမံကိန်း အဆုံး နေရာမလပ် တည်ရှိ အမြစ်တွယ်နေတဲ့ စနစ်ကြီးတစ်ခုလို ဖြစ်နေတယ်။ တကယ်လို့သာ ဒီလိုဆက်သွားရင်တော့ နိုင်ငံတော်မှာ တကယ်လိုအပ်တဲ့ အခြေခံအဆောက်အဦတွေ ဆောက်လုပ်နေရာမှာလဲ Monocracy စနစ်ပဲ ဖြစ်ဦးမှာပါ။
နိုင်ငံတော်ကို ဦးဆောင်ဦးရွက် လုပ်နေတဲ့ အစိုးရ အဖွဲ့အစည်းက ဘယ်လောက်ပဲ ပြောင်းလဲမှုတွေ လုပ်ချင်တယ် ပြောပြော လူတွေကိုယ်တိုင် လက်ခံပြီး ပြောင်းလဲမှရမှာပါ။ သမ္မတဘယ်နှစ်ဆက် ပြောင်းပြောင်း ဒီအစိုးရယန္တရားကို လည်ပတ်နေတဲ့ ဌာနဆိုင်ရာ ၀န်ကြီးဌာနတွေက ပြောင်းလဲခြင်း မရှိတဲ့အတွက် သိပ်ပြီးထူးခြားမယ်မထင်ဘူး။
"ဂါ"တယ်ဆိုတဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စဟာ ပေးသူနဲ့ယူသူ နှစ်ဦးလုံး ပြောင်းလဲမှုလုပ်ဖို့ လက်ခံမှ ဖြစ်နိုင်မယ့် ကိစ္စပါ။ မူဝါဒတွေ ချယုံနဲ့မပြီးဘူး။ တကယ့်လက်တွေ့ အကောင်အထည်ဖေါ်ဖို့လိုတယ်။ ကျွန်တော်တို့ ဒါကို ပြောင်းလဲချင်ရင်တော့ လာဘ်ပေးလာဘ်ယူဆိုတာ နှစ်ဦးနှစ်ဘက်ရှိတာပါ။ ဒါကြောင့် ဘယ်ဘက်က စပြီးပြောင်းလဲကြမလဲပေါ့။ ဦးဆောင်သူတွေ ဖြစ်တဲ့ အစိုးရဌာနတွေက စပြောင်းမလား၊ ပြည်သူတွေဘက်က စပြောင်းမလား တစ်ဖက်ဖက်က စပြောင်းရမှာပဲ၊ နှစ်ဘက်လုံး တစ်ပြိုင်တည်း ပြောင်းရင်တော့ အကောင်းဆုံးပေါ့။
ကျွန်တော်တို့ ပြည်သူတွေဟာလဲ Rule and Law တွေနားလည်မယ်။ နိုင်ငံသား အခွင့်အရေးတွေ သိလာမယ်ဆိုရင် လာဘ်ပေးလာဘ်ယူမှုဟာလဲ တစ်စိတ်တစ်ပိုင်း ပျောက်သွားမယ်လို့ ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ပြည်သူတွေဟာ သူတို့ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေ နားမလည်တော့ နားလည်တဲ့ သူတွေကို ပြေလည်အောင် "ဂါ" နေရတာပေါ့။ ဥပမာ ကျွန်တော်တို့ တာချီလိတ်မြို့လေးဟာ နယ်စပ် (စီးပွားရေး)မြို့လဲဖြစ်၊ တိုင်းရင်းသားတွေများတဲ့ နေရာဆိုတော့ မသိနားမလည်မှုတွေကို အဆင်ပြေဖို့ "ဂါ"တာနဲ့လုပ်ကြတယ်။ များများ "ဂါ"နိုင်ရင် အလုပ်များများဖြစ်ပြီး၊ နည်းနည်း"ဂါ"ရင် အလုပ် နည်းနည်းဖြစ်တယ် ဆိုတော့ ဒီပုံစံအတိုင်းသာ သွားရင် Monocracy ဖြစ်နေဦးမှာပဲ။
ခက်တော့ခက်တယ် လမ်းဘေး ကွမ်းယာဆိုင်က အစ ဟိုတယ်ကြီးတွေ အဆုံး သူဟာသူ "ဂါ"နေရတဲ့ ကိစ္စတွေ ရှိနေတယ်လေ။ ပြည်သူ့ ၀န်ထမ်းတွေကလဲ ဒီ"ဂါ"တာမှ မရရင် သူ့အထက်လဲ မ"ဂါ"နိုင်ဘူး၊ ဒီလိုမ"ဂါ"ရင် သူ့ရဲ့ နေရာတည်မြဲမှု မသေချာတော့ဘူး ဒီတော့ သူလဲအဆင်ပြေအောင် သူ့အထက် လူကြီးလည်း အဆင်ပြေအောင် "ဂါ" ရမြဲပဲ။ နောက်တစ်ခုက သူတို့ရဲ့ အထက်က လူကြီးဆိုသူတွေ အလည်လာရင်လည်း အစအဆုံး တာဝန်ယူပေးနေရတာတွေမှာ တစ်ချို့ လူကြီးတွေက အားနာမှုမရှိ အလကားရတိုင်းယူတဲ့ အလေ့မျိုးတွေကြောင့် လက်အောက်ငယ်သားတွေမှာ လာဘ်ယူမှုဆိုတဲ့ ဓလေ့ကို ကျင့်သုံးရပြန်တယ်။ ဒါဆိုတော့လည်း အရင်လူတွေ အတိုင်းပဲ ဖြစ်ကုန်တယ်။
Monocracy တွေ ခရိုနီတွေတော့ ချမပြတော့ပါဘူး။ ဒူးနဲ့ဒေး လက်ညိုးထိုးမလွဲပါဘဲ။ အားလုံး သိနေပြီးသားတွေကို။ ကျွန်တော်တို့မြို့က စီမံကိန်းတွေ အကြောင်းပြောရင် လွှတ်တော်ထဲမှာ နာယကကြီး ပြောသလို ဈေးထဲ ဇီးသီးဘန်း မှောက်ကျတာမှ ပြန်ကောက်လို့ရသေးတယ်။ ဒီမှာတော့ Monocracy နဲ့ ခရိုနီတွေ ၀ါးလိုက်တာနဲ့ လမ်းတွေ ရေထဲပါ၊ ချောင်းတွေ ရေမထွက်၊ မြို့ထဲမှာ ရေလျှံ၊ ကျောင်းက ဆောက်တာမှ မကြာသေးဘူး တံခါးပျက်နေပြီ။ ဈေးကလဲ တစ်ထပ်တုန်းက ကြပ်တယ်၊ နှစ်ထပ်လဲဖြစ်ရော ပျက်တယ်ဖြစ်တော့မယ်။ ဒါတောင်နောက်ထပ် နောက်ထပ် စီမံကိန်းတွေ နည်းတာမဟုတ်ဘူး။ စီမံကိန်းများလေ သည်းခြေကြိုက်လေနဲ့ တူတယ်။ ဦးရာလူစား နိုင်ရာယူပြေးတဲ့ အဖြစ်က နာတာရှည် ရောဂါနဲ့ မြန်မာနိုင်ငံ အမြန်ဆုံး နလန်ထနိုင်ပါစေဗျာ။