မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုများနှင့် အခြေခံပညာကျောင်းများ၏ ပညာရေး အရည်အသွေး မြှင့်တင်မှုဆိုင်ရာ အမျိုးသားပညာရေး ဥပဒေ မြို့နယ်အဆင့် ထပ်ဆင့်ရှင်းလင်းပွဲကို ယနေ့ ၂၀၁၄ခုနှစ် အောက်တိုဘာလ(၁၈)ရက် နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)၏ ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှမှ အမျိုးသားပညာရေး ဥပဒေကြမ်းပါ ပြဌာန်းချက်များကို ရှင်းလင်းဖတ်ကြားသည်။
အခမ်းအနားအပြီးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့သည် အ.ထ.က(တာချီလိတ်)အတွင်း ကင်းထောက်လူငယ်ဖွဲ့စည်း လေ့ကျင့်နေမှု အခြေအနေနှင့် ကျောင်းအတွင်း အသစ်ဆောက်လုပ်ရန် အတွက် စတင်လုပ်ဆောင်နေသော ကျောင်းအဆောက်အဦ အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အမျိုးသားပညာရေး ဥပဒေကြမ်း ကိစ္စတစ်ရပ်သည် မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှု တစ်ရပ်ဖြစ်ပြီး တိုင်းရင်းသား ဘာသာစကား သင်ကြားရေးနှင့် ပတ်သက်၍ တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကား နှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်း ပြန့်ပွားနိုင်ရေးအတွက် တိုင်းရင်းသား ဘာသာ စကားများကို တိုင်းရင်းသားများ နေထိုင်ရာ ဒေသများတွင် ကျောင်းသုံး ဘာသာစကားအဖြစ် အသုံးပြုမည် ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ မူလတန်းကျောင်းများတွင် မိခင်တိုင်းရင်းသား ဘာသာစကား၊ ဗမာဘာသာစကား နှင့် အင်္ဂလိပ်ဘာသာ စကား ဟု၍ ဘာသာစကားသုံးမျိုးဖြင့် သင်ကြားမည်ဖြစ်ကြောင်း အမျိုးသားပညာရေးမူဝါဒ(မူကြမ်း)တွင် ဖော်ပြထားသည်ကို သိရှိရသည်။
ပုံများကိုကြည့်ရန်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~