တာချီလိတ် - မိုင်းဆတ် သွားလမ်းမပေါ် လွယ်ဆမ်ဆုန်တောင်အနီးတွင် ပြီးခဲ့သည့် စက်တင်ဘာလ (၃၀)ရက်နေ့ ညနေ(၄း၃၀)နာရီအချိန်ခန့်က ဖမ်းဆီးရရှိခဲ့သော ဘိန်းဖြူ ဘလောက်တုံး (၆၆၅)တုံး ဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ တရားခံများ၏ စစ်ဆေးပေါ်ပေါက်ချက်အရ အောက်တိုဘာလ (၁၄)ရက် နံနက်(၉း၁၅)နာရီအချိန်ခန့်က ရေပူစမ်းကျေးရွာအနီးတွင် ကျပ်သိန်းပေါင်း (၆၄.၃၃)သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများအား ထပ်မံ၍ ရှာဖွေရရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဘိန်းဖြူ ဘလောက်တုံး (၆၆၅)တုံး ဖမ်းဆီးရရှိမှုနှင့် စပ်လျဉ်း၍ တရားခံများ၏ စစ်ဆေး ပေါ်ပေါက်ချက်အရ စစ်ဗျူဟာ(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး နှင့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (၁၄)မှ စစ်ဗျူဟာ(၁)မှူးတို့၏ ကွပ်ကဲမှုဖြင့် အမှတ်(၅၂၇)ခြေမြန်တပ်ရင်းမှ ယာယီရင်းမှူး ဦးစီးအဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၃၀)မှ တပ်ဖွဲ့ဝင်များသည် ရေပူစမ်းကျေးရွာအနီး တောင်ယာတစ်ဝိုက်နယ်မြေအား ရှင်းလင်းစဉ် တောစပ်တောင်စောင်းပေါ်တွင် အပေါ်ယံမြေလွှာအား ပြုပြင်ထားရှိမှုကို မသင်္ကာဖွယ် တွေ့ရှိရသည့်အတွက် တူးဖော်ရှာဖွေရာ မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများအား ရှာဖွေရရှိကြောင်း သိရသည်။
ထိုသို့ ရှာဖွေရရှိရာတွင် စိတ်ကြွဆေးပြားထည့်သည့် အပြာရောင် ပလပ်စတစ် အိတ်ခွံ (၆၂၉၀၀၀)အိတ်၊ အဖြူရောင်ကော်မှုန့် (၁၄)ကီလိုအားတွေ့ရှိပြီး ၎င်းနေရာအနီး ကမ်းပါးစောင်းတွင် မြေမြုပ် သိုဝှက်ထားသော ရှမ်းစက္ကူများ ထည့်ထားသည့် ဆာလာအိတ်(၄)အိတ်၊ ပလပ်စတစ် အကြည်ရောင် ထုပ်များ ထည့်ထားသော ဆာလာအိတ်(၂) အိတ်၊ တိတ်ခွေများ ထည့်ထားသော ဆာလာအိတ် (၆)အိတ်နှင့် ဆင်ခြေလျော ၀ါးတောအတွင်း မြေမြုပ် သိုဝှက်ထားသည့် ကဖင်းအမှုန့် (၈၅)ကီလို၊ အ၀ါရောင် ဗင်နလင်အမှုန့် (၅)ကီလိုတို့အား ထပ်မံတွေ့ရှိ၍ သိမ်းဆည်းပြီး ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိသော မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများ၏ ပိုင်ရှင်အား စုံစမ်းဖေါ်ထုတ် အရေးယူနိုင်ရန် အတွက် တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၂၇/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၆(ခ)အရ အမှုဖွင့် ဆောင်ရွက် ထားရှိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ထံမှ သိရှိရသည်။