မြန်မာနိုင်ငံသားတစ်ဦး မတရားစွပ်စွဲ ဖမ်းဆီး ထိန်းသိမ်းခံထားရမှု ဖြစ်စဉ်တစ်ခုအား မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) အဖွဲ့ဝင်တစ်ဦးမှ ဓါတ်ပုံများနှင့်အတူ သူ၏ မိတ်ဆွေများဖြစ်သည့် ဌာနဆိုင်ရာပုဂ္ဂိုလ်များနှင့်တွေ့ဆုံခိုက်မှာ ပြောကြားခြင်းအား ကျွန်တော်ကြားသိခိုက် စိတ်ဝင်စားခဲ့မိပြီး ဖမ်းဆီးခံနေရသော မြန်မာနိုင်ငံသား လူငယ်လေးမှာ မတရားခံနေရမှုကို ခေါင်းငုံမခံဘဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြောဆိုနေသော စိတ်ဓါတ်နှင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအား မတရားသဖြင့် ခြိမ်းခြောက် အနိုင်ကျင့်မှုများအား သတိနှင့်အသိ ပညာပေး ဆောင်းပါးတစ်ပုဒ်အဖြစ် ရေးသားလိုစိတ်များ တစ်ဖွါးဖွါးဖြစ်ပေါ်လာခဲ့ပါတော့သည်။
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ဈေးဝယ်ရန်သွားခဲ့သော မြန်မာနိုင်ငံသား တစ်ဦးဖြစ်သည့် မောင်ရန်အောင်စိုးအား (၂၃-၁၀-၂၀၁၄)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး သုံးစွဲသူဟု ယူဆကာ ရှောင်တခင် (ဆီး)စစ်ဆေးခဲ့ကြောင်း၊ ၎င်း(ဆီး)တွင် မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း အဖြေထွက် ပေါ်လာသဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်ရဲစခန်းတွင် ချုပ်နှောင် ထိန်းသိမ်းခံထားရကြောင်း မောင်ရန်အောင်စိုးမှာ ကျန်းမာရေးမကောင်း၍ ဆရာဝန်ညွှန်ကြားချက်ဖြင့် ပုံမှန် ဆေးဝါးများ သောက်သုံးနေရပြီး ၎င်းဆေးသောက်သုံးနေသည့် ဆေးမှတ်တမ်းများလည်း ရှိကြောင်း၊ မောင်ရန်အောင်စိုးအား ဆေးကုသပေးသည့် တာချီလိတ်မှ ဒေါက်တာ ဂျီဝမ်း၏ ဆေးမှတ်တမ်း စာရွက်စာတမ်းများကို ကိုင်ဆောင်ပြီး မောင်ရန်အောင်စိုး၏ သူငယ်ချင်းတစ်ဦး ဖြစ်သူမောင်လင်းသူမှ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအားကူညီစောင့်ရှောက်ရေးနှင့်စေ့စပ်ညှိနှိုင်းရေး ကော်မတီ(CNCMC) ထံ အကူအညီတောင်းခံလာပါသည်။
(၂၄-၁၀-၂၀၁၄)ရက်နေ့တွင် အကူအညီတောင်းခံလာသူ မောင်လင်းသူနှင့်အတူ CNCMC ကော်မတီဝင်များသည် ထိုင်းနိုင်ငံ မယ်ဆိုင်ရဲစခန်းသို့ သွားရောက်တွေ့ဆုံခဲ့ရာ မယ်ဆိုင်ရဲစခန်းမှ တာဝန်ရှိ ထိုင်းရဲအရာရှိတစ်ဦး ရှင်းလင်းပြောပြလာသည်မှာ မောင်ရန်အောင်စိုးအား ဆီးစစ်ခဲ့သော ဆေးမှတ်တမ်းအရ မူးယစ်ဆေးဝါးသုံးစွဲကြောင်း တွေ့ရှိရသဖြင့် ထိုင်းနိုင်ငံ၏ ဥပဒေအရ ဖမ်းဆီး ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ၎င်းအား မူးယစ်ဆေးဝါးသုံးစွဲထားသည်ကို ၀န်ခံစေလိုကြောင်းနှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှ တာဝန်ရှိ ဆရာဝန်တစ်ဦး၏ စစ်ဆေးပေးသော ဆေးမှတ်တမ်းအရ မောင်ရန်အောင်စိုး၏ ဆီးတွင် (ဆူဒိုအက်ဖက်တမင်း)သုံးစွဲထားကြောင်း ထင်ရှားနေပါသည်ဟု CNCMC အဖွဲ့အားပြောကြားခဲ့ပြီး ထိုသို့ဆေးသုံးစွဲထားသူများအား (၁၀)ရက်အတွင်း ကြိုက်တဲ့အချိန်ဆီးစစ်ကြည့်ပါ၊ သုံးစွဲကြောင်း ပေါ်နေပါတယ်ဟု ဆက်လက်ပြောပြနေပြန်သည်။
ထိုအချိန်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော မောင်ရန်အောင်စိုးအားတွေ့ခွင့်ရနိုင်မလား၊ တွေ့ခွင့်ရလျှင် မိမိတို့ အဖွဲ့ဝင်များရှေ့တွင် ဆီးအားထပ်မံ၍ စစ်ဆေးပေးစေလိုကြောင်းကို CNCMC အဖွဲ့မှ တောင်းဆိုလိုက်ရာ ထိုထိုင်းရဲအရာရှိမှ တွေ့ခွင့်ပေးခဲ့ပါသည်။
CNCMC အဖွဲ့မှ မောင်ရန်အောင်စိုးနှင့်တွေ့ဆုံ၍ ဆီးအား CNCMC ကော်တီဝင်များရှေ့တွင် ထပ်မံစစ်ဆေးခဲ့ရာ အဖြေမှာ ထိုင်းရဲပြောပြသည်နှင့် တက်တက်စင်အောင်လွဲနေပါတော့သည် မည်သည့် မူယစ်ဆေးဝါးမှ သုံးစွဲထားခြင်းမရှိကြောင်း အဖြေထွက်ပေါ်လာသဖြင့် မောင်ရန်အောင်စိုးအား ပြန်လည်လွှတ်ပေးရန် ကော်မတီဝင်များမှ တောင်းဆိုခဲ့ရာ ထိုင်းရဲအရာရှိမှ မောင်ရန်အောင်စိုးအား လွှတ်ပေး၍မဖြစ်နိုင်ကြောင်း လွှတ်ပေးခဲ့လျှင် ဆီးစစ်ဆေးမှုအရ မူးယစ်ဆေးဝါး သုံးစွဲထားကြောင်းတွေ့ရှိရလို့ မောင်ရန်အောင်စိုးနှင့် အတူဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျန်မြန်မာနိုင်ငံသား(၄)ဦးမှ “သူတို့ကြတော့ဘာလို့လွတ်မပေးလဲ”ဟု အပြစ်ပြောမှာဖြစ်ကြောင်း ပြန်လည်ပြောဆိုပါသည်။
ထိုအချိန်တွင် မောင်ရန်အောင်စိုးမှ ၎င်းရဲအရာရှိအား ပြန်လည်ပြောဆိုလိုက်သည်မှာ “ကျွန်တော်နဲ့အတူ ဖမ်းဆီးခံရတဲ့လူ(၄)ဦးကို ကျွန်တော်လိုဘဲ ဆီးစစ်လိုက်ပေါ့” ဒီနေ့စစ်ဆေးလို့ ပေါ်နေသေးရင် ဖမ်းထားပေါ့ မပေါ်ရင်တော့လွှတ်ပေးရမှာပေါ့” ဟုပြောလိုက်ပါသည်။
ထိုအချိန် ထိုင်းရဲအရာရှိပြောကြားသည်မှာ မောင်ရန်အောင်စိုးမှာ မူးယစ်ဆေးဝါး မသုံးစွဲကြောင်း ငြင်းဆိုထားသည့်အတွက် ဆေးမှတ်တမ်းအား ချင်းဟိုင်းမြို့သို့ ဓါတ်ခွဲစစ်ဆေးနိုင်ရန်ပေးပို့ထားကြောင်း ယခုစစ်ဆေးမှုအဖြေမှာ တရားဝင်မှုမရှိဘဲ ၎င်းတို့ ပထမပေးပို့ထားသော ဆေးမှတ်တမ်းအဖြေမှသာလျှင် ဥပဒေအရ အကြုံးဝင်မှုရှိသည်ဟု ပြောကြားပြီး ပြန်လည် လွှတ်ပေးလို့မရနိုင်ကြောင်း အရေးယူ ဆောင်ရွက်ထားပြီးဖြစ်တဲ့အတွက် တရားရုံးတွင် ရင်ဆိုင်စေလိုကြောင်း ပြောဆိုပါသည်။
CNCMC ကော်မတီဝင်များအား မောင်ရန်အောင်စိုးမှ ဆက်လက်ပြောပြလာသည်မှာ ထိုင်းရဲအရာရှိသည် မိမိအား စတင်ဖမ်းဆီးသည့်နေ့မှာပင် မူးယစ်ဆေးဝါးသုံးစွဲကြောင်း ၀န်ခံလျှင် လျှော့ပေါ့ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်(၁၅)ရက်သာ ကျခံရမည်ဖြစ်၍ ၀န်ခံခြင်းမပြုပါက ထောင်ဒဏ်(၁၅)နှစ်အထိ ကျနိုင်ကြောင်း” ခြိမ်းခြောက်ပြောဆိုလာသည့်အတွက် ၎င်းအနေနှင့် “မိမိမူးယစ်ဆေးဝါးသုံးစွဲထားခြင်း မရှိသည့်အတွက် လုံးဝ ၀န်ခံခြင်းမပြုနိုင်ကြောင်း၊ ထပ်မံစစ်ဆေးလို့ပေါ်ပေါက်လာပါက မိမိ ထောင်ဒဏ်(၁၅)နှစ် အကျခံနိုင်ကြောင်း မိမိကိုယ်ကိုယ် လုံးဝအာမခံကြောင်း ထောင်ဒဏ်(၁၅)ရက်နှင့် ထောင်ဒဏ်(၁၅)နှစ်အား မိမိကိုယ်ကျင့်သိက္ခာနှင့်လဲ၍ ကာကွယ်သွားမည်ဖြစ်ကြောင်း” ကျန်းမာရေးမကောင်း၍ အားနည်းနေသည့် ပုံပေါ်ပေါက်နေသော်လည်း၊ မျက်နှာအမူအရာမှာ ယုံကြည်မှုအပြည့်နှင့် ပြောဆိုနေခြင်းကို တွေ့ရသဖြင့် လူငယ်တစ်ဦး၏ အမှန်တရားအား ရဲရဲဝံ့ဝံ့ သတ္တိအပြည့်နှင့် ပြောဆိုနေပုံအား CNCMC ကော်မတီအဖွဲ့ဝင်များမှ ကျေနပ်ပီတိဖြစ်ကာ လေးစား ဂုဏ်ယူမိကြောင်းပြောကြားနေသည်ကို ကျွန်တော်ကြားသိခဲ့ရပါသည်။
မိမိတို့ မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံတွင် မတရားခြိမ်းခြောက် အနိုင်ကျင့်ခံရမှုများနှင့် ယခုကဲ့သို့ ရှောင်တခင် ဆီးစစ်ဆေးခြင်းများပြုလုပ်နေပြီး ယင်းဆီးစစ်ဆေးချက်များ၏ ရလာဒ်များမှာလဲ ထိုင်းရဲတပ်ဖွဲ့၏ လက်ထဲတွင်သာရှိပြီး လုံးဝယုံကြည်လို့မရနိုင်ခြင်း၊ ယခုCNCMCကော်မတီဝင်များ၏ ရှေ့မှောက်တွင် ဆီးစစ်ဆေးချက်၏ ရလာဒ်အဖြေကတစ်မျိုး၊ မျက်ကွယ်တွင် စစ်ဆေးချက်ကတစ်မျိုး၊ အဖြေအမျိုးမျိုး ထွက်ပေါ်နေခြင်းမှာ ထိုင်းရဲတပ်ဖွဲ့အား ယုံကြည်မှု လုံးဝမပြုသင့်ကြောင်း ကျွန်တော့်အနေနှင့် သတိပေးတင်ပြအပ်ပါသည်။
မတရားမှုများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာနေရာများရှိ မြန်မာနိုင်ငံသားများအား အကူအညီပေးနိုင်မည့် အသင်းအဖွဲ့များနှင့် လူမှုကူညီရေး အသင်းအဖွဲ့များအား ဆက်သွယ် အကူအညီတောင်းခံ၍ ဖြေရှင်းသင့်ပါသည်၊
နိုင်ငံတော်အစိုးရမှလည်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအပေါ် မတရား အနိုင်ကျင့်မှုများ မပြုလုပ်နိုင်ရန် တာဝန်ယူဖြေရှင်းမှုများ ပိုမိုဆောင်ရွက်ပေးစေလိုပါသည်။ ထိုင်းနိုင်ငံအစိုးရနှင့် ထိုင်းနိုင်ငံသူ၊ ထိုင်းနိုင်ငံသားများ ကိုယ်ချင်းစာနာတတ်စေရန်အတွက် မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော ထိုင်းနိုင်ငံသားများအား မြန်မာနိုင်ငံဘက်မှပြန်လည် "ဆီး"စစ်ပေးလိုက်ပါက နားလည် သဘောပေါက်သွားပြီး ထိုင်းနိုင်ငံဘက်မှ ဆင်ခြင်သွားလိမ့်မည်ဟု ယူဆမိပါသည်။
မိမိ၏ ကိုယ်ကျင့်တရားကို ထောင်ဒဏ်(၁၅)ရက်နှင့် ထောင်ဒဏ်(၁၅)နှစ် လဲလှယ်ကျခံပစ်လိုက်မည်ဟု ဆိုသော ညီငယ်မောင်ရန်အောင်စိုးအား လေးစားစိတ်များဖြစ်ပေါ်လာပြီး ထိုဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရေးနှင့် မတရားအနိုင်ကျင့်မှုများအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအချင်းချင်း မိမိတို့တတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်း တွန်းလှန်ကာကွယ်စောင့်ရှောက်ပေးလိုသည့် စိတ်ဓါတ်များ ပိုမိုပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ယခုသတင်းဆောင်းပါးအား ရေးသားလိုက်ရခြင်းဖြစ်ပါသည်။
"လူ"အချင်းချင်း "လှည့်စားခြင်း" ကင်းရှင်းကြပါစေ -
သတင်းဆောင်းပါး။ ။ ဦးတင့်ဆွေ(မဇ္ဈိမလူမှုကူညီရေးအသင်း)